ဗဟိုဘဏ် ထုတ်ပြန်တဲ့ သတင်းကြောင့် ဒေါ်လာဈေး အနည်းငယ်ပြန်ကျ

ဒေါ်လာဈေးမြင့်တက်နေချိန် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၉၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဗဟိုဘဏ် သတင်းထုတ်ပြန်ပြီးနောက် ပြင်ပဈေးကွက်၌ အမေရိကန် ၁ ဒေါ်လာလျှင် ၅၆၀၀ ကျပ်မှ ၅၅၃၀ ကျပ်အထိ ဈေးကျသွားကြောင်း သိရသည်။

တရားမဝင် နိုင်ငံခြားငွေလဲလှယ်သူ ၉၃ ဦးကို တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကစားခြင်းနှင့် ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေသည်ဟုဆိုကာ အရေးယူလိုက်ကြောင်း ဗဟိုဘဏ်က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးထားသူများ၏ ဘဏ်ငွေစာရင်းနှင့် ငွေကြေးလွှဲပြောင်းမှုများကို စိစစ်နေပြီး ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေး လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူ တဦးက “ဈေးကွက်တော့ပြန်အေးသွားတယ်။ ဈေးလည်း နည်းနည်းပြန်ကျသွားတယ်။ မနေ့က ဖမ်းတယ်လို့ ထုတ်တာကတော့ ရှေ့က ဖမ်းထားတဲ့ဟာတွေပေါ့။ အခုလောလောဆယ် ကတော့ သတိပေးတာတွေပဲ လာသေးတယ်”ဟု ပြောသည်။