နေပြည်တော်နဲ့ ကိုင်ပေါက်တဲ့နောက် ပြင်ပရွှေစျေး ထိုးကျ

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့မှာ ရောင်းချမှုရှိ၊ မရှိ နေပြည်တော်ကို တင်ပြနေရကြောင်း အသင်းတာဝန်ရှိသူက ပြောလာပါတယ်။

“YGEA ဈေးနဲ့ ရောင်းမရောင်း ပြည်နယ်နဲ့တိုင်း ဥက္ကဋ္ဌတွေဆီကနေ ကျွန်တော်တို့ဆီ စာတက်ပါတယ်။ အဲဒါကို ကျွန်တော်တို့က Software နဲ့ သုံးပြီးတော့ နေပြည်တော်ကို ပြန်ပို့ပေးရတဲ့ အစီအစဉ်ရှိပါတယ်”လို့ တာဝန်ရှိသူက ဩဂုတ်လ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ် အတိအကျ ပေးပို့ရတာဖြစ်ပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေးနဲ့ ကျဆင်းရေးအတွက် ဆောင်ရွက်နေတာဖြစ်လို့ ပြည်သူလူထုလည်း ပါဝင်ပေးဖို့ YGEA က တိုက်တွန်းထားပါတယ်။

အဆိုပါ အသိပေးချက်အပြီး ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့မှာတော့ ကျပ်သိန်း ၇၀ ဝန်းကျင်ရောက်နေခဲ့တဲ့ ပြင်ပရွှေစျေးကွက် ပြန်လည်ကျဆင်းလာနေပြီး ၆၇ သိန်း ၈ သောင်းဝန်းကျင်ဖြင့် စျေးပိတ်ခဲ့တယ်လို့ စျေးကွက်တွင်းက သိရပါတယ်။

ပြည်တွင်းမှာ စျေးကွက်ပွင့်လင်းမှု မရှိခြင်းနဲ့ စျေးကွက်မငြိမ်သက်ချိန် ရွှေဆိုင်တွေရဲ့ အသာစီးယူလွန်းမှုတွေကြောင့် ရွှေအရောင်းအဝယ် အေးစက်နေသလို ရွှေအပေါ် စိတ်ဝင်စားမှုနှုန်း ထိုးကျလာနေတာဖြစ်ပါတယ်။