ရွှေစျေးကောင်းနေချိန် လွတ်လွတ်လပ်လပ် ရောင်းခွင့်မရလို့ ရွှေဆိုင်ပိုင်ရှင်များ စိတ်ပျက်နေ

ပြည်တွင်းရွှေဈေးကို ရွှေလုပ်ငန်းရှင်များအသင်းက ထိန်းချုပ်ထားသည့် ကာလအတွင်း ဈေးကွက်တွင် အရောင်းအဝယ်ထိုင်းသွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေဘက်က ပြောလာပါတယ်။

ရွှေစျေးနှုန်း အဆမတန်မြင့်တက်ခြင်းဟာ ဈေးကစားသူတွေကြောင့်ဆိုကာ လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးမှုနဲ့ ဖမ်းဝရမ်းထုတ်မှုတွေ ရှိခဲ့တဲ့အပြင် ရွှေဈေးနှုန်းကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချရန် ကြေညာချက်ထုတ်ခဲ့ပါတယ်။

ရွှေအသင်းစျေးနှုန်းအတိုင်း လိုက်မရောင်းနိုင်တဲ့ ပြည်တွင်းရွှေဆိုင်တွေဟာ အခေါက်ဆို တပဲလောက်ပဲ ရောင်းပေးတာ၊ အခဲနဲ့ ၁၆ ပဲရည် အထည်ကြီး အရောင်းတွေကို ပိတ်ထားခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်းရွှေဆိုင်ကြီးတွေဟာ ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးပေမယ့် ၁၆ ပဲရည် ၁ ကျပ်သား အထည်ကို အလျော့တွက် ၅ ပဲကနေ ၇ပဲထိ ယူပြီး ပြင်ပစျေးနဲ့ ကိုက်ညီအောင် အပြောင်းအလဲ လုပ်လာခဲ့ကြတယ်။

ယနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ရွှေအသင်းရဲ့ ရည်ညွှန်းစျေးက ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၄၆ သိန်းဝန်းကျင်ဖြစ်ပြီး ပြင်ပစျေးကွက်မှာတော့ ကျပ် ၆၇ သိန်း ပတ်လည်မှာ ရှိနေပါတယ်။

ပြည်တွင်းရွှေဆိုင်တစ်ခုရဲ့ ပိုင်ရှင်ကတော့ ” ပြင်ပစျေးကွက်နဲ့ အရောင်းအဝယ် လုပ်နေတာဟာ ရွှေဆိုင်တွေ မဟုတ်ဘဲ မှောင်ခိုစျေးကွက်သမားတွေဖြစ်ပါတယ်။ လောလောဆယ်မှာ ရွှေလောကကြီးကတော့ အလုပ်မဖြစ်တဲ့ အနေအထားလို့ပဲ ပြောရမှာပါ ” လို့ Myanmar Pressphoto Agency နဲ့ အင်တာဗျူးမှာ ဖြေဆိုပါတယ်။

ရွှေပြန်ရောင်းချလိုသူတွေကတော့ ရွှေဆိုင်တွေက အထည်တွေကို ရွှေအသင်းစျေးထက် ပိုပေးပေမယ့် ပြင်ပစျေး ပေါက်စျေးအတိုင်း မရဘဲ ၁ ကျပ်သား အထည်ကို ကျပ် ၄ သိန်းကျော်ထိ စျေးခွာဝယ်ယူကြတယ်လို့ တုန့်ပြန်ထားကြတယ်။

ရွှေဆိုင်တွေရဲ့ အသာစီးယူ ရောင်းဝယ်မှုတွေကြောင့် ကျပ်ငွေကျဆင်းခြင်းကို ကုစားဖို့ ရွှေအပေါ် စိတ်ဝင်စားမှုအပြင် ရွှေဆိုင်တွေအပေါ် ယုံကြည်မှုတွေဟာ အတော်လေး လျော့ကျလာနေပြီဖြစ်ပါတယ်။