ရွှေစျေး ၆၈ သိန်းဖြစ်နေချိန် ထိုင်းဘတ်စျေးနဲ့ တရုတ်ယွမ်စျေးတွေ စံချိန်တင် မြင့်တက်

ဒီကနေ့ သြဂုတ် ၇ ရက် နိုင်ငံခြားငွေလဲနှုန်းတွေအရ ထိုင်းဘတ်ဈေး၊ ယွမ်ဈေးအပါအဝင် ပြင်ပ ရွှေပေါက်ဈေးတွေက စံချိန်တင်မြင့်တက်နေတယ်လို့ နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူနဲ့ ရွှေကုန်သည်တချို့က ပြောလာပါတယ်။

ထိုင်းဘတ်ဈေးက ဇူလိုင်ပထမ အပတ်မှာ ၁ ဘတ်ကို ၁၂၇ ကျပ် ဝန်းကျင်သာရှိခဲ့ပေမယ့် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ၁ ဘတ်ကို ၁၅၂ ကျပ် ကျော်အထိဈေးတက်လာတာကြောင့် ကျပ်တစ်သိန်းကို ဘတ် ၆၆၀ ဝန်းကျင်သာ ရတော့တယ်လို့ ငွေလဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အလားတူ အခေါက်ရွှေ တစ်ကျပ်သားရဲ့ ပြင်ပပေါက်ဈေးက ကျပ်ငွေ ၆၈ သိန်းကျော် အထိ မြင့်တက်နေပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကတော့ တစ်ကျပ်သားကို ၄၆ သိန်း ၅ သောင်းကျော်နဲ့ ဈေးဖွင့်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

တရုတ်ယွမ်ငွေ က ဒီနေ့မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၇၂,၈၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။