ဩဂုတ်လအတွင်း ဒေါ်လာဈေး ၅၇၀၀ ကျပ်ကျော်အထိ မြင့်တက်လာရခြင်း အဓိက အကြောင်းရင်း

ဩဂုတ်လအတွင်း အမေရိကန် တဒေါ်လာလျှင် ၅၀၀၀ ဝန်းကျင်မှ ၅၇၀၀ ကျပ်ကျော်အထိမြင့်တက်လာကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းရှင် တဦးက ” အမေရိကန် တဒေါ်လာ ၅၇၂၀ ကျပ် နှုန်းလောက်ရှိတယ်။ ဒါပေမယ့် အဝယ်/အရောင်းတော့ သိပ်မရှိဘူး။ ဈေးပဲရှိနေတာ။

ဈေးတက်တာတော့ စုံနေတာပဲ။ ကမ္ဘာ့ဈေးတက်တာ၊ ကျပ်နှစ်သောင်းတန် ရိုက်ထုတ်တာကို သံသယရှိတာ၊ နောက်တခုက နိုင်ငံရေးမငြိမ်တာ၊ နောက်တခုကတော့ ဗဟိုဘဏ်ကနေ နှုန်းထားပြောင်းမယ်ကြားနေလို့ ”ဟု ပြောသည်။

ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေကို FX Trading Platform ကနေ အမေရိကန် တဒေါ်လာလျှင် ၃၃၈၀ ကျပ်ဝန်းကျင် ရောင်းချပေးရာမှာ ၃၆၀၀ ခန့်သို့ ဈေးနှုန်းပြောင်းလဲမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ပြင်ပ ဒေါ်လာဈေးနှုန်းများ ထပ်မံ မြင့်တက်လာနေတာလို့ သိရသည်။

တရားဝင် စာမထွက်သေးပေမယ့် ဗဟိုဘဏ်ဘက်က ဈေးနှုန်းပြောင်းမည် သတင်းထွက်နေရာက ဒေါ်လာစျေးတွေ တက်လာနေခြင်းဖြစ်သည်။

ဩဂုတ်လ ၇ ရက်နေ့မှာတော့ ပို့ကုန်ရငွေပမာဏရဲ့ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ဖို့ ဖြေလျော့ပေးကြောင်း ဗဟို ဘဏ်က တရားဝင် ကြေညာခဲ့သည်။