ပြင်ပရွှေစျေး ၇၅ သိန်းထိ စျေးဖွင့်၊ ရွှေစျေး မိုးထိုးလာရတာ အကြောင်းရင်း ၃ ချက်ကြောင့်လို့ ဆို
ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၇၅ သိန်းဝန်းကျင် ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစလို့ တကျပ်သား သိန်း ၆၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာပြီး တောက်လျှောက် အတက်ကြမ်းခဲ့တာမှာ ဒီကနေ့ ဩဂုတ် ၉ ရက်မှာတော့ ၇၅ သိန်းဝန်းကျင်ကို စံချိန်ချိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပြည်တွင်းရွှေစျေး အခုလို ထိုးတက်နေရတာဟာ ပြည်တွင်းရေး မတည်ငြိမ်တာ၊ ဒေါ်လာဈေး တက်လာတာ၊ အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့ပြန်တက်လာတာ အစရှိတဲ့ အကြောင်းရင်း ၃ ချက် ဆုံနေတာကြောင့်လို့ ရွှေလုပ်ငန်းရှင်တွေဘက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ မနေ့ ဩဂုတ် ၈ ရက်က တအောင်စ ၂၃၉၂ ဒေါ်လာ ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ တအောင်စ ၂၄၂၅ ဒေါ်လာကို ရောက်ရှိနေပါတယ်။ ပြည်တွင်း ဒေါ်လာစျေးနှုန်းကတော့ ငွေကျပ် ၆၀၀၀ အထက် ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
“ ဈေးကွက်ကတော့ ပျက်ပြီးရင်း ပျက်နေတာပါပဲ။ လတ်တလော အခြေအနေတွေအရတော့ ရွှေဈေးပြန်ကျဖို့ အလားအလာ သိပ်မတွေ့ရဘူး” လို့ ရွှေလုပ်ငန်းရှင်တယောက်က မှတ်ချက်ပေးခဲ့ပါတယ်။