ပြင်ပရွှေစျေး ၁ ရက်တည်းနဲ့ ကျပ် ၁၀ သိန်းနီးပါးကျဆင်း၊ ဒေါ်လာစျေးတွေပါ ထိုးကျ

ပြည်တွင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာစျေးဟာ ယနေ့ ဩဂုတ်လ ၁၄ ရက် ဒီနေ့ ညနေပိုင်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆၃၀၀ ဝန်းကျင်ရှိနေပြီး စျေးကျဆင်းလာတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ ညနေမှာ ပြင်ပ ဒေါ်လာအရောင်းအဝယ် စျေးကွက်ထဲ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၇၀၀၀ ကျော်အထိ ဖြစ်ခဲ့ပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ရှစ်ဆယ့်ငါးသိန်းခန့်ထိ မြင့်တက်ခဲ့တာပါ။

ဩဂုတ်လ ၁၄ ရက် ညနေမှာတော့ ပြည်တွင်း အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ၇၇ သိန်းဝန်းကျင်ရှိနေပြီး ပြည်တွင်း ရွှေဆိုင်ကြီးအချို့ကတော့ ၇၅ သိန်းပတ်လည်နဲ့ ရွှေပြန်ဝယ်ပေးနေပါတယ်။

ကောလဟာလတွေနဲ့ စျေးအတက်အကျ ကြမ်းနေတာမို့ အရောင်းအဝယ်တွေ ကမောက်ကမ ဖြစ်နေပါတယ်။ တစ်ပိုင်းကို ကျပ်သိန်း ၁၀၀ ထိ အတက်အကျကြမ်းနေကာ အရောင်းအဝယ်လုပ်ရတာ အဆင်မပြေဘူးလို့ ရန်ကုန်က ရွှေလုပ်ငန်းရှင်အချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်က ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ်နှစ်ရာအထိ မြင့်တက်ခဲ့ပေမဲ့ ဒီကနေ့မှာ အနည်းငယ်စျေးပြန်ကျသွားပြီး ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၁၆၆ ကျပ်ရှိတာကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနည်းငယ် မြင့်တက်လာပါတယ်။