ဒေါ်လာစျေး ၆၀၀၀ ဝန်းကျင် ပြန်ကျနေပြီး ဘတ်လဲနှုန်းတွေပါ ပြန်ကျလာ
စက်သုံးဆီသမားတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ ဗဟိုဘဏ်ဘက်က အသိပေးတဲ့နောက် တစ်ရက်အတွင်းမှာ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက် လာတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက်ငွေလွဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့ က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်း ဘတ်ငွေ ၄၉၀ သာ ပေါက်ခဲ့တဲ့အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တာကနေ သြဂုတ် ၁၅ ညနေပိုင်းမှာ ကျပ် တစ်သိန်းကို ဘတ်ငွေ ၅၉၀နဲ့ ၆၀၀ ကြား ပြန်ရောက်လာတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း ငွေလဲနှုန်းတွေအရဆိုရင် ကျပ် တစ်သိန်းမှာ ဘတ်ငွေ ၁၀၀ တက်လာပြီး ကျပ်စျေးအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ လဲလှယ်တဲ့နေရာမှာလည်း ဒေါ်လာစျေးအနည်းငယ် ပြန်ကျခဲ့တယ်လို့ ရန်ကုန်မြို့ ငွေလဲလုပ်သူတွေက ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့ က အမေရိကန်တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၇၀၀၀ အထိ ပြင်ပစျေးကွက်မှာ စျေးမြင့်ခဲ့တာကနေ သြဂုတ် ၁၅ ရက် ညနေပိုင်း မှာတော့ ၆၀၀၀ ကျပ်ဝန်းကျင် ပြန်ရောက်လာနေတယ်လို့ သိရပါတယ်။