အမေရိကန်ဒေါ်လာ ၉၉ သန်းကျော်ကို ၃၄၀၀ ကျပ် နှုန်းဖြင့် ဗဟိုဘဏ် ရောင်းချ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်ဖြင့် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၉၉ သန်းကျော်ကို ထုတ်ရောင်းပေးခဲ့ကြောင်း စာရင်းများအရ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့ အစီအစဉ်ရှိကြောင်း အသိပေးပြီး ၁ ပတ်အတွင်း အခုလို ရောင်းပေးလာခြင်းဖြစ်ပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့မှာ ဒေါ်လာ ၉ သန်းကျော်ကို ပထမအကြိမ် စတင် ရောင်းချပေးခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ထပ်မံ ရောင်းချပေးခဲ့တာပါ။
ဩဂုတ်လ ၁၉ ရက် တစ်နေ့တည်းမှာတင် ဗဟိုဘဏ်ရဲ့ ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်အတွက် လွှဲပြောင်းမှု ၉၇ ကြိမ် ရှိခဲ့ပါတယ်။ ဗဟိုဘဏ်ဘက်က ၁ ဒေါ်လာကို ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ရောင်းချပေးခြင်း ဖြစ်ပါတယ်။
ဒါအပြင် သြဂုတ် ၁၉ ရက်နေ့မှာ ငွေလဲနှုန်း ၄၈၆.၈ ကျပ်နဲ့ တရုတ်ယွမ် ၁၅ သန်းကျော်၊ ငွေလဲနှုန်း ၁၀၄.၁ ကျပ်နဲ့ ထိုင်းဘတ် ၁၂ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တာကို ဗဟိုဘဏ်ရဲ့ အချက်အလက်တွေမှာ တွေ့ရှိရပါတယ်။