ဗဟိုဘဏ် ဒေါ်လာ သန်း ၁၀၀ ရောင်းထုတ်ပြီးနောက် ဒေါ်လာစျေး ကျလာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်ဖြင့် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၉၉ သန်းကျော်ကို ထုတ်ရောင်းပေးခဲ့ကြောင်း စာရင်းတွေ ထွက်ပေါ်လာတဲ့နောက် ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးတွေ ဆက်တိုက် ပြန်ကျလာပါတယ်။

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း အကျဘက်ကို ဦးတည်နေပြီး ကျပ် ၆၀၀၀ အောက် ကျဆင်းလာကြောင်း ပြင်ပငွေလဲနှုန်း ဖော်ပြချက်တွေအရ သိရပါတယ်။

မနေ့က ပြင်ပဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်း ၆၃၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပေမယ့်ယနေ့ ဩဂုတ် ၂၁ ရက်နေ့မှာ ပြင်ပဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းဟာ ၅၈၀၀ ဖြစ်လာနေပြီး တစ်ရက်အတွင်း ၅၅၀ ကျပ်အထိ ကျဆင်းသွားပါတယ်။

ဒါဟာ ဩဂုတ်လ ၁၄ ရက်တုန်းက အမြင့်ဆုံးစျေးတန်အဖြစ် ၁ ဒေါ်လာ ကျပ် ၇၀၀၀ ရောက်ခဲ့ရာကနေ တစ်ပတ်အတွင်း ကျပ် ၁၂၀၀ ဝန်းကျင် ကျဆင်းလာခြင်း ဖြစ်ပါတယ်။

ဗဟိုဘဏ်၊ AD လိုင်စင်ရင်ဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform မှာတော့ ဒေါ်လာစျေးဟာ ၃၃၈၁ ကျပ်ကနေ ငွေလဲနှုန်း ၃၄၂၀ ကျပ်အထိ ရောက်ရှိလာပြီး ၃၉ ကျပ်ခန့် မြင့်တက်လာပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်မှာ စင်ကာပူဒေါ်လာငွေလဲနှုန်းက ၄၁၈၅-၄၄၀၀ ကျပ်၊ ထိုင်းဘတ်က ၁၆၀-၁၆၈ ကျပ်၊ မလေးရှားရင်းဂစ်က ၁၂၀၀-၁၃၀၀ ကျပ်၊ တရုတ်ယွမ်က ၇၅၅-၈၀၀ ကျပ်တို့ ရှိနေပါတယ်။