အလုပ်လုပ်လို့ကောင်းအောင် ရည်ညွှန်းစျေးသတ်မှတ်ခြင်း ဖြေလျော့ပေးဖို့ ရွှေလုပ်ငန်းရှင်တွေ မျှော်လင့်
ရန်ကုန်တိုင်း၊ ရွှေလုပ်ငန်းရှင်အသင်း(YGEA)က ရွှေဈေးနှုန်းကို ရည်ညွှန်းသတ်မှတ်ဈေးအတိုင်းသာ ရောင်းချရန် ကြေညာထားခြင်းကြောင့် အဆိုပါကြေညာချက်ကို ဖြေလျော့ပေးဖို့ ရွှေလုပ်ငန်းရှင်များက မျှော်လင့်နေပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၂ ရက် မနက်ပိုင်း ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၉၀၉,၇၀၈ ကျပ် သတ်မှတ်ထားပြီး သီတင်းပတ် တပတ်ကျော်အတွင်း ကျပ် ၂ သိန်းဝန်းကျင် တိုးမြှင့်လိုက်တာပါ။ ဒါပေမဲ့ ပြင်ပပေါက်ဈေးနဲ့တော့ သိန်း ၂၀ ကျော် ကွာနေပါသေးတယ်။
YGEA က ရည်ညွှန်းစျေးကို ကမ္ဘာရွှေဈေး၊ ဘဏ်အချင်းချင်း exchange rate တွေနဲ့ တွက်ပြီးသတ်မှတ်တာဖြစ်ကာ ပြင်ပရွှေစျေးကတော့ ကမ္ဘာရွှေဈေးကို ပြင်ပဒေါ်လာစျေးနဲ့ တွဲချက်တာဖြစ်ပါတယ်။
ပြင်ပစျေးကွက်ပျောက်ဆုံးနေချိန် ရွှေဆိုင်တွေရဲ့ ပွင့်လင်းမှုမရှိဘဲ ဝယ်သူအပေါ် အသာစီးယူတဲ့ ရွှေအရောင်းအဝယ် လုပ်ဆောင်ခြင်းဟာ ဒီကာလတွေအတွင်း များစွာ ဝေဖန်ခံနေရတယ်။ စျေးကွက်မှာ အကယ်ဒမီ မီးလင်းရွှေကိုတောင် ရောင်းစျေး ဝယ်စျေးခွာမှုဟာ ၁ ကျပ်သားအတွက် ကျပ် ၂ သိန်းကနေ ကျပ် ၄-၅ သိန်းဝန်းကျင်ထိ ရှိနေပါတယ်။
ရည်ညွှန်းစျေး သတ်မှတ်ချက်ကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းများပြုလုပ်ပေးရန် လုပ်ငန်းရှင်များက မျှော်လင့်နေပြီး အမှန်တကယ်ဖြစ်လာပါက လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရရှိမည်ဖြစ်သောကြောင့် အတိုင်းအတာတစ်ခုအထိ ပြန်လည်အဆင်ပြေလာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေဘက်က ယူဆနေပါတယ်။