မန်စီးတီးနဲ့ လီဗာပူးတို့ အပေါ်ပါ မူတည်လာတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်
လာမယ့်ရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမလားဟာ ၎င်းတို့ရဲ့ ခါးသီး ဒါဘီပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူး အသင်းတို့အပေါ် မူတည်လာနေပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရှိနေတာဖြစ်ပြီး အဆင့် ၄ နေရာက အသင်းနဲ့ ၁၁ မှတ်ကွာနေတာကြောင့် အဆင့် ၅ နေရာကနေ ရာသီသိမ်းဖို့ မျှော်လင့်နေပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ Top 4 အသင်းတွေကို ချန်ပီယံလိဂ်ဝင်ခွင့်တွေအပြင် ဒီရာသီ ယူအီးအက်ဖ်အေပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ဥရောပကလပ် ၂ သင်းကိုလည်း ဝင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ UEFA co-efficient မှာတော့ အီတလီနဲ့ ဂျာမနီတို့က ထိပ်ရောက်နေပြီး အင်္ဂလန်က တတိယနေရာမှာ ရှိနေပါတယ်။ မန်စီးတီး၊ လီဗာပူးတို့ရဲ့ ဥရောပ နိုင်ပွဲတွေဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ အသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကကျလာပါလိမ့်မယ်။
ဒါပေမယ့် တော့တင်ဟမ် စပါးကို ကျော်ပြီး အဆင့် ၅ နေရာရောက်ဖို့ကို တန်ဟက်ရဲ့ ယူနိုက်တက်က ကြိုးစားရမှာဖြစ်ကာ တစ်ဖက်မှာတော့ ဒါဘီပြိုင်ဘက် ၂ သင်း ဥရောပမှာ အောင်မြင်ဖို့လည်း ဆုတောင်းနေရမှာ ဖြစ်ပါတယ်။
