အာဆင်နယ်နဲ့ ပွဲ ရှိနေကာမှ ဒဏ်ရာ ပြဿနာ ထပ်တိုး ကြုံလိုက်ရတဲ့ မန်ချက်စတာ စီးတီး အသင်း
မန်ချက်စတာစီးတီးကြယ်ပွင့် ကိုင်လီ ဝေါ်ကာဟာ စနေနေ့က ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမပိုင်း မိနစ် ၂၀ မပြည့်ခင်မှာပဲ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
ဝေါ်ကာဟာ အင်္ဂလန်အတွက် ၈၂ ပွဲမြောက် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၂၀ မိနစ်ပြည့်ခင်မှာပဲ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ဂိုးသွင်းယူမှုကို ရှင်းထုတ်ခဲ့ပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာနဲ့ ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် အက်စတန် ဗီလာနောက်ခံလူ ခွန်ဆာနဲ့ လူစားလဲခံခဲ့ရပြီး ဝေါ်ကာအနေနဲ့ ဘယ်လ်ဂျီယမ်နဲ့ပွဲအတွက် ကြံ့ခိုင်မှု ပြန်လည်ရရှိလာမလားဆိုတာ မသိရသေးပါဘူး။
အင်္ဂလန်အသင်းဟာ ဟာရီ ကိန်း၊ အာနိုး၊ ဆာကာတို့ မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ကိုင်လီ ဝေါ်ကာလည်း ဒဏ်ရာရ ကစားသမားစာရင်းထဲ ပါဝင်ခဲ့ပြီဖြစ်တာကြောင့် ပိုမို အားနည်းသွားပြီဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာကလည်း နောက်ထပ် ဖလား ၃ လုံးတပြိုင်နက် ရယူဖို့ ရည်မှန်းချက်မှာ အဓိကကစားသမားဖြစ်တဲ့ ကိုင်လီ ဝေါ်ကာ ဒဏ်ရာရသွားတာကြောင့် စိုးရိမ်ပူပင်နေမှာဖြစ်ပြီး အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ မန်စီးတီးအတွက် ၃၈ ပွဲပါဝင်ကစားပေးထားတဲ့ကစားသမားဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ ဝေါ်ကာရဲ့ တံကောက်ကြောဒဏ်ရာက အရမ်းမပြင်းထန်လောက်ဘူးလို့ မျှော်လင့်ရမှာဖြစ်ပြီး မတ်လကုန် အာဆင်နယ်နဲ့ ကစားရမယ့် အရေးကြီးတဲ့ ပွဲစဉ်မှာ အချိန်မီ ပြန်လည်ကစားပေးဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဆုဖလားမျှော်လင့်ချက်အတွက် အနိုင် ၃ မှတ်ရယူဖို့ အီတီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်လူစာရင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ ဆာကာရဲ့ ဒဏ်ရာပြဿနာကြောင့် စိုးရိမ်ခဲ့ရပေမယ့်လည်း အသေးစား ကြွက်သားဒဏ်ရာသာဖြစ်ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ အနားယူဖို့ မြောက်လန်ဒန်ကို ပြန်လာခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
