ဒီည အက်စတွန်ဗီလာနဲ့ ကန်မယ့် ပွဲမတိုင်မီ ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတဲ့ မန်စီးတီးအသင်း
မန်စီးတီးဟာ ဒီည အက်စတွန်ဗီလာနှင့် ရင်ဆိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာ ၃ ခု ကြုံတွေ့နေရပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အီတီဟတ်ကွင်းမှာ အာဆင်နယ်နှင့် ဂိုးမရှိသရေကျခဲ့ပါတယ်။ ထို သရေရလဒ်ကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာသို့ ရောက်သွားခဲ့ပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၃ မှတ်ကွာဟနေပါတယ်။
မန်စီးတီးဟာ ယနေ့ညမှာ အက်စတွန်ဗီလာကို ဧည့်ခံကစားရပါမယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အဓိကကစားသမား ၃ ဦး မပါဝင်ဘဲ ဗီလာကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
အဓိက ဂိုးသမား အီဒါဆင်၊ ညာနောက်ခံလူ ကိုင်လီဝေါ်ကာ၊ ဗဟိုနောက်ခံလူ နသန်အကီတို့ မပါဝင်ဘဲ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
အီဒါဆင်နှင့် ကိုင်လီဝေါ်ကာတို့ဟာ အာဆင်နယ်နှင့်ပွဲကိုလည်း လွဲခဲ့ကြသူများ ဖြစ်ပါတယ်။ နသန်အကီကတော့ အာဆင်နယ်နှင့်ပွဲပထမပိုင်းမှာပင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။
မန်စီးတီးအတွက် သတင်းကောင်းကတော့ ဂျွန်စတုန်းမှာ ဗီလာနှင့်ပွဲမှာ ပါဝင်လာနိုင်ဖို့ ရှိနေတာပါ။ အင်္ဂလန်နောက်ခံလူဟာ အာဆင်နယ်ပွဲကို လွဲခဲ့သူလည်း ဖြစ်ပါတယ်။
ယခုကဲ့သို့ မန်စီးတီးတို့ အဓိက ကစားသမား ၃ ဦး ဗီလာနှင့်ပွဲကို လွဲချော်လာမှုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက် အာဆင်နယ်နှင့် လီဗာပူးတို့အတွက် သတင်းကောင်းဖြစ်နေတာ အမှန်ပါ။
တဖက်တွင် အက်စတွန်ဗီလာမှာလည်း မန်စီးတီးနှင့်ပွဲကို ယခုရာသီ ပရီးမီးယားလိဂ်ဂိုး ၁၆ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးအိုလီဝတ်ကင်နှင့် ဂျာကော့ရမ်ဆေးတို့ မပါဝင်ဘဲ ရင်ဆိုင်ကစားရပါမယ်။
