ကမ္ဘာမြေပြင် အထက် ပေ တစ်သိန်းအမြင့်မှာ စီစဉ်ပေးမယ့် ဒေါ်လာ ၅ သိန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ညစာ

ဒေါ်လာ ၅ သိန်းကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ညစာ အစီအစဉ်ကတော့ ပေါ်ထွက်လာပါပြီ။

Space VIP ကနေလာမယ့် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာမြေပြင်အထက် ပေတစ်သိန်း သို့မဟုတ် ၃၂ ကီလိုမီတာအမြင့်မှာ ညစာစားနိုင်မယ့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီခရီးစဉ်က အသွားအပြန်စုစုပေါင်း ၆ နာရီကြာမြင့်မှာဖြစ်ပြီး တစ်ယောက်ကို ဒေါ်လာ ၄၉၅၀၀၀ ကျသင့်မှာဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ညစာလို့လည်းဆိုနိုင်ပါတယ်။

Neptune လို့နာမည်ပေးထားတဲ့ Capsule အာကာသမိုးပျံပူပေါင်းက ကမ္ဘာ့ပထမဆုံး ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ အာကသယာဉ်လည်းဖြစ်လာမှာဖြစ်ပြီး အမေရိကန် ဖလော်ရီဒါပြည်နယ်ကနေ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

ဒီအာကသမိုးပျံပူပေါင်းမှာ Wifi လည်းရမှာဖြစ်လို့ ခရီးစဉ်အစအဆုံးကို Live လွှင့်ပြီးလည်း မျှဝေနိုင်ပါမယ်။ ဒိန်းမတ်နိုင်ငံ ကိုဗင်‌ဟေဂင်အခြေစိုက် ကမ္ဘာ့အကောင်းဆုံး စာသောက်ဆိုင်စာရင်းဝင် Alchemist မှ Space VIP ခရီးစဉ်အတွက် အစားအသောက်များကို တာဝန်ယူတည်ခင်းဧည့်ခံသွားမှာဖြစ်ပါတယ်။

“၁၉၂၀ ပြည့်နှစ်လွန်ကာလတွေမှာ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကျော်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေက အရမ်းကိုဈေးကြီးခဲ့ပါတယ်။ ဒါပေမဲ့တိုးတက်လာတဲ့နည်းပညာတွေကြောင့် လူအများစုအတွက်ဖြစ်နေပါပြီ။ အာကာသခရီးစဉ်တွေလည်း တစ်ချိန်မှာ ဒီအတိုင်းဖြစ်လာနိုင်ပါတယ်” ဟုကုမ္ပဏီမှဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ပြင်သစ်အခြေစိုက်ခရီးသွားကုမ္ပဏီ Zephalto ကအာကာသထဲမှာ ညစာစားနိုင်မယ့် ၃ နာရီခရီးအတွက် ယူရို ၁၂၀၀၀၀ ကျသင့်မယ့် ဝန်ဆောင်မှုကိုမိတ်ဆက်ခဲ့ပါတယ်။ နှစ်ခုလုံးက လာမယ့်နှစ်မှာ စတင်ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ကမ္ဘာမြေပြင်အထက် ၆၂ မိုင် (၁၀၀ ကီလိုမီတာ) အမြင့်ကိုမှ အာကသလို့သတ်မှတ်ထားကြပေမယ့် Space VIP ရဲ့ဒီခရီးစဉ်က ကမ္ဘာ့လေထုရဲ့အနိမ့်ဆုံးအလွှာ Troposphere ကို ကျော်လွန်ပြီး ဒုတိယအလွှာ Stratosphere ကိုရောက်နေပါပြီ။

ကမ္ဘာ့လေထု ၉၉ ရာခိုင်နှုန်းရဲ့ အထက်မှာဖြစ်လို့ အာကာသရဲ့အစလို့ တင်စားခေါ်ကြတာပါ။ ဒီအမြင့်မှာကမ္ဘာကြီးကို လုံးဝန်းတဲ့ အနေအထားတော့ ကောင်းကောင်းမြင်နိုင်မှာ မဟုတ်သေးပါဘူး။