မလာသလောက် ရှိနေတဲ့ EPC မီးကြောင့်ပဲ စီးပွားရေး စျေးကွက် တခု အလုပ်ဖြစ်လာ
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်း လျှပ်စစ်မီးများ ဆိုးဆိုးရွားရွားပျက်နေသည့်အတွက် လျှပ်စစ်မီးနှင့် တွဲသုံးရသည့် အသုံးအဆောင်ပစ္စည်းများ ဈေးကွက်အတွင်း အရောင်းသွက်နေပြီး၊ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။
‘’မီးပျက်တာကတော့ တော်တော်ကိုဆိုးဆိုးဝါးဝါး ပြတ်နေတာ။ ကျွန်တော်တို့မှာ မီးကိုအချိန်မှန်ဆိုတာမရှိတော့ဘူး၊ လာရက်လည်းမလာဘူး။ လာလိုက် ၁၀မိနစ်နေရင် ပြန်ပျက်သွားတယ်။ ဒါကရန်ကုန်တမြို့လုံး ဖြစ်နေတာ’’ဟု မြို့နေလူထုထံမှ သိရသည်။
ဒီ့အပြင် လျှပ်စစ်မီးပျက်သည့်အတွက် လျှပ်စစ်မီးနှင့်တွဲဖက်သုံးရသည့် လျှပ်စစ်ပစ္စည်းများလည်း ဈေးကွက်ထဲ ပစ္စည်းပြတ်သည်အထိ ရောင်းနေရပြီး၊ ဈေးကလည်းအဆမတန် တက်နေကြောင်းလည်း သိရသည်။
‘’ ဆိုင်မှာ အခုချထားတဲ့ AC/DC အားသွင်းပန်ကာ၊ Air cooler ၊ Power Bank တွေ နောက်ရက်ကျရင်လာမကြည့်နဲ့တော့ မရှိတော့ဘူး၊ ကုန်ပြီ ။ ပြီးတော့ ဒီဈေးနဲ့လည်းမရတော့ဘူး။ DC နဲ့ပတ်သက်တဲ့ပစ္စည်းတွေ အရမ်းရောင်းရတယ်’’ဟု လျှပ်စစ်ပစ္စည်းရောင်းချသူ တဦးထံမှသိရသည်။
ဒါ့အပြင် ဆိုလာနဲ့ အင်ဗာတာ တပ်ဆင်သူတွေကြောင့်လည်း ဆိုလာ-အင်ဗာတာ တင်သွင်းသူတွေ များစွာ အလုပ်ဖြစ်ကြောင်း သိရသည်။ စျေးကွက်ထဲမှာ ကြေညာအားကောင်းကောင်းဖြင့် ကွာလတီအညံ့ လျှပ်စစ်ပစ္စည်း ရောင်းမှုတွေလည်း များနေတာကြောင့် သတိထား စစ်ဆေးတပ်ဆင်ကြဖို့ အကြံပေးမှုများလည်း ရှိနေသည်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ လျှပ်စစ်မီးပျက်ရခြင်းများ ဖြစ်ပေါ်နေပေမယ့် ထုတ်လုပ်နိုင်သမျှ လျှပ်စစ်ဓါတ်အားတွေ မထုတ်နိုင်ခြင်းနဲ့အတူ ရှေ့ဆက်လည်း မီးပျက်နိုင်ကြောင်း လျှပ်စစ်ဓါတ်အား ဝန်ကြီးဌာနမှ အသိပေးစား ထုတ်ပြန်ထားပါသည်။
