ပြည်ပကို အမျိုးသားအလုပ်သမား ပြန်လည် ပို့ခွင့်ပြုပေမယ့် ၅၀ ရာခိုင်နှုန်းထိ လျော့ချ
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်မယ့် အမျိုးသားတွေကို မေ ၁ ရက်ကစပြီး ပိတ်ပင်လိုက်ပေမယ့် လက်ရှိမှာ Demand Letter အချို့ကို အလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်လက်ခံနေပြီး ၅၀ ရာခိုင်နှုန်း ပြန်လည်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အမျိုးသား အလုပ်သမားတွေကို ပြည်ပပို့ခွင့် ပိတ်ပင်တာက နောက်ဆက်တွဲ ကြီးမားတဲ့ပြဿနာတွေ ရှိနိုင်တဲ့အတွက် တရားဝင် စာထုတ်ပြန်တာမျိုးမဟုတ်ဘဲ နှုတ်စကားတွေနဲ့ ပြန်လည်ခွင့်ပြုခဲ့တာလို့ အဆိုပါ နီးစပ်သူတွေက ပြောပါတယ်။
မေ ၇ ရက်တွင် အေဂျင်စီအချို့ရဲ့ Demand Letter များကို ပြန်လည်လက်ခံနေခြင်းဖြစ်ပြီး ကန့်သတ်ချက်အချို့ရှိသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့ထံမှ သိရသည်။
“ အခုကတော့ ဘယ်လိုပြန်ဖြစ်သွားပြီလဲဆိုတော့ သူတို့က စာမထုတ်ဘူး ၅၀ ရာခိုင်နှုန်းလောက်ကို ယောကျ်ားလေးတွေကိုခွင့်ပြုတယ် ဖြစ်ပြန်ပြီ။
ဥပမာ ယောကျ်ားလေး ၁၀၀ ဆိုရင် ၅၀ တော့ ခွင့်ပြုလိုက်မယ်ပေါ့၊ ပြန်ထွက်လာပြန်တယ် သတင်းက၊ သူတို့ စာမထွက်ဘဲနဲ့ စကားတွေပဲ ပြောနေတာ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကုမ္ပဏီတွေကို ကန့်သတ်ချက်တွေရှိကြောင်း ပြောပေမယ့် တရားဝင်စာနဲ့ ပြောဆိုလာတာ မရှိပါဘူး။ ဘယ်လိုကန့်သတ်ချက်တွေလည်း ဆိုတာတော့ တင်ခဲ့တဲ့အေဂျင်စီတွေပဲ သိနိုင်မယ်လို့လည်း ကုမ္ပဏီတွေဘက်က ဆိုပါတယ်။
အတည်တကျမဖြစ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေနဲ့ အမျိုးမျိုးပြောင်းလဲနေတာက မြန်မာနိုင်ငံရဲ့ ပြည်ပအလုပ်အကိုင် စေလွှတ်တဲ့ လုပ်သားဈေးကွက်ကြီးတခုလုံးကိုပါ တိုက်ရိုက် ထိခိုက်စေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက မှတ်ချက်ပေးထားပါတယ်။
