မန်စီးတီးမှာ ဖိုင်နယ် ၄ ပွဲ ကစားဖို့ ကျန်သေးတယ်၊ တစ်ပွဲမှ အမှားမခံဘူး ဆိုတဲ့ ဟာလန်းရဲ့ သတိပေးစကား

လက်ရှိ အခြေအနေမှာ မန်စီးတီးအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ် ၃ပွဲလုံးကို အနိုင်ကစားနိုင်ရုံနဲ့ ချန်ပီယံ ဖြစ်မယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ထို၃ပွဲ ထဲမှာ တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲကြပ် တပွဲ ပါဝင်တာကြောင့် ကျန်၂ပွဲထက် ထိုပွဲကသာ စီးတီးရဲ့ ၄နှစ်ဆက် သရဖူ ဆွတ်ခူးနိုင်ခြေကို အဆုံးအဖြတ် ပေးသွားဖွယ် ရှိပါတယ်။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာလန်းက လက်ကျန် ၃ပွဲလုံးကို အနိုင်ကစားဖို့ ၎င်းတို့ ရောက်လာတော့မယ်လို့ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ထံ မက်ဆေ့ခ်ျ ပေးသွားပါတယ်။

ဟာလန်း က ” နေ့စဉ်နေ့တိုင်း ကျွန်တော် တိုးတက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် ဟိုပြဿနာ ဒီပြဿနာ မျိုးစုံ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါတွေ အပေါ်မှာ အာရုံမစိုက်ပါနဲ့၊ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေ အပေါ်ပဲ အာရုံစိုက်ပြီး ၊ ရှေ့ကြုံရမယ့် အရာ အတွက် ရှေးရှုကြရအောင်ပါ။ ”

” ကျွန်တော်တို့မှာ ဒီရာသီ ကစားဖို့ ဖိုင်နယ် ၄ပွဲ ကျန်ပါသေးတယ်။ ဒီအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်။ နောက်ပြီး ဒီအကြောင်း သိပ်ပြီး ကြိုးစား တွေးမနေဖို့ လိုပါတယ်။ ဖူလ်ဟမ်နဲ့ ပွဲအပေါ်ပဲ အာရုံစိုက်ရပါမယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာ ဟာလန်းဟာ ဝုလ်ဗ်နဲ့ ပွဲက သွင်းဂိုး ၄ဂိုးကြောင့် ရွှေဖိနပ်ဆု အတွက် ဒုတိယနေရာမှ ချဲလ်ဆီး စတား ကိုးလ်ပါလ်မာကို ၅ဂိုးအထိ ဖြတ်ထားနိုင်လိုက်ပြီ ဖြစ်ပါတယ်။