ပရီးမီးယားလိဂ် ဖလားကို ၄ နှစ်ဆက်တိုက် သမိုင်းဝင် ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီး၊ နောက်ဆုံးပွဲမှာ ဝက်စ်ဟမ်းကို ဘယ်လို အနိုင်ယူခဲ့သလဲ
ပက်ရဲ့ မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့ညမှာ ဝက်စ်ဟမ်းကို ဖိုဒန်ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲသမိုင်းတလျှောက် ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားကို ဆက်တိုက်အများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဆိုလို့ ဟက်ဒါစ်ဖီးတောင်း၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့သာ ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ဖူးတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ညက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုး အော်တေဂါ၊ ခံစစ်မှာ ဂဗာဒီယောလ်၊ အကန်းဂျိ၊ ဒီယက်စ်၊ ဝေါ်ကာ၊ ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကု၊ တိုက်စစ်မှာ ဟာလန်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။
ပထမပိုင်းစတယ်ဆိုရင်ပဲ အိမ်ရှင် မန်စီးတီးတို့ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ၂ မိနစ်မှာပဲ မက်ဗရိုပါးနော့ရဲ့ ပေါ့လျော့မှုကနေ ဟာလန်း ပေးပို့လိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက ရယူခဲ့ပါတယ်။
ဆေးလ်ဗားက ညာတောင်ပံကို ပြေးသွားခဲ့ပြီး ပင်နယ်တီဧရိယာအစွန်က ဖိုဒန်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက ဂိုးထောင့်ထဲကို သွင်းယူနေကျပုံစံအတိုင်း ဝိုက်ကန်သွင်းယူသွားခဲ့တာကြောင့် အာရီယိုလာ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

၁၅ မိနစ်မှာ ဒိုကု ဘယ်တောင်ပံကနေ လိမ်ခေါက်ပြီး ပင်နယ်တီဧရိယာထဲကို ဆွဲပြေးလာခဲ့ပြီး ကန်သွင်းခဲ့မှုကို အာရီယိုလာက အကောင်းဆုံးလက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ထပ် ၃ မိနစ်အကြာမှာတော့ ဖိုဒန်ကပဲ မန်ချက်စတာစီးတီးအတွက် လိုအပ်နေတဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဂဗာဒီယောလ်က ကွင်းလယ်မှာ ဝက်စ်ဟမ်းကစားသမား ၂ ဦးကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဟာလန်းကို ပေးပို့ခဲ့ပါတယ်။
ဟာလန်းက ဘယ်တောင်ပံက ဒိုကုဆီ ပေးပို့ခဲ့ရာမှာ မန်စီးတီးတောင်ပံကစားသမား လျင်လျင်မြန်မြန် ခင်းပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ ဝက်စ်ဟမ်း နောက်ခံလူ ၃ ဦး ကာကွယ်ထားတဲ့ကြားက ဖိုဒန်က ခြေဦးပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ မန်ချက်စတာစီးတီးက ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေရရှိခဲ့ပေမယ့်လည်း ဟာလန်းရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုတွေကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မရခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး ၄၂ မိနစ်မှာ ဝက်စ်ဟမ်းအတွက် မိုဟာမက် ကူးဒက်စ်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဝ့ါဒ်-ပရောက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ဂဗာဒီယောလ် မရှင်းထုတ်နိုင်ခဲ့ရာကနေ ကူးဒက်စ်က နောက်ပြန်ကန်ချက်နဲ့ အော်တေဂါ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးကပဲ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ ရိုဒရီက မန်ချက်စတာစီးတီးအတွက် အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ဒီနေ့ပွဲစဉ်မှာ အပိုင်အခွင့်အရေး အများအပြားကို အသုံးမချနိုင်ခဲ့လို့သာ နောက်ထပ် သွင်းဂိုးတွေ မရခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြီးဆုံးခါနီး ၄ မိနစ်အလိုမှာ ဆူးချက် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ရာမှာ လက်ကို အသုံးပြုပြီး ဂိုးသွင်းခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်အသင်းမှ မလုပ်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
