ATOM က လက်ရှိ 4G ထက် ဆယ်ဆ ပိုမြန်တဲ့ 5G ကွန်ရက်ကို ပြည်တွင်းမှာ စမ်းသပ်အသုံးပြု အောင်မြင်

လက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ အမြင့်ဆုံး 4G အင်တာနက်ကွန်ရက်နှင့် နှိုင်းယှဉ်ပါက လိုင်းဆွဲအား ၁၀ ဆ ပိုမိုလျင်မြန်သည့် 5G ကွန်ရက်စမ်းသပ်မှုကို အောင်မြင်ခဲ့သည်ဟု ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း အက်တမ် (ATOM) က ကြေညာခဲ့ပါသည်။

ထို 5G မိုဘိုင်းကွန်ရက်စမ်းသပ်မှုကို ယခုနှစ် ဇွန်လ (၈) ရက်နေ့က ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့တွင် ပြုလုပ်နိုင်ခဲ့သည်ဟု အက်တမ် (ATOM) က ထုတ်ပြန်သည်။

ယင်းကဲ့သို့ ကွန်ရက်ကို စမ်းသပ်အောင်မြင်မှုနှင့်ပတ်သက်၍ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ
Mr. Muhammad Ziaullah Siddiqui က ခုလို ဆိုခဲ့တာပါ။

“အခုလိုမျိုး 5G ကွန်ရက် စမ်းသပ်မှုက မြန်မာနိုင်ငံတွင်းမှာ ခေတ်မီနည်းပညာရဲ့ အကျိုးကျေးဇူးတွေက ဘယ်လောက်တောင် ကျွန်တော်တို့အပေါ် ကောင်းကျိုးတွေ ယူဆောင်ပေးလာနိုင်လဲဆိုတာ ပိုမိုသိမြင်လာဖို့အတွက် ကျွန်တော်တို့အက်တမ် (ATOM) အနေနဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ကို အစပျိုးပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ပြီး ဒစ်ဂျစ်တယ်ကွာဟမှုကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသွားမယ့် ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်အတိုင်း ဟန်ချက်ညီညီ ကြိုးပမ်းအားထုတ်နေတာပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

လိုင်းဆွဲအားအနေဖြင့် တစ်စက္ကန့်လျှင် 1 Gigabit (1 Gbps) ထက်မြန်သောနှုန်းဖြင့် ဒေတာများစွာကို ပေးပို့နိုင်သည် အထိ ကောင်းမွန်သော အင်တာနက်လိုင်းဆွဲကို စမ်းသပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် 5G ကွန်ရက်ဖြင့် ပိုမိုလျင်မြန်သော ဒေါင်းလုဒ် (Download) ဆွဲနိုင်ခြင်း၊ ပိုမိုအဆင်ပြေချောမွေ့စွာ ဗီဒီယိုကြည့်နိုင်ခြင်းနှင့် နယ်ပယ်အသီးသီးမှ ခေတ်မီ အက်ပလီကေးရှင်းများကို အထောက်အပံ့ပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အက်တမ် (ATOM) က ထုတ်ပြန်သည်။

ယခင်အမှတ်တံဆိပ်အဟောင်းကို အမှတ်တံဆိပ်အသစ်အဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့သည့် အက်တမ် (ATOM) သည် ယခုနှစ် ဇွန်လ ၈ ရက်နေ့တွင် လုပ်ငန်းတည်ရှိလည်ပတ်ခဲ့သည်မှာ ၂ နှစ် ပြည့်မြောက်ခဲ့သည်။

အက်တမ် (ATOM) ဘက်က အသုံးပြုသူ Customer များ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် လူမှုအသိုင်းအဝိုင်းများအား ကျေးဇူးတုံ့ပြန်သည့် လှုပ်ရှားမှုအစီအစဉ်ပေါင်းများစွာကို ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုထားသည်။