နယ်ဘက်က ရွှေ့ပြောင်းသူများလာလို့ တိုက်ခန်း၊ ကွန်ဒိုဈေးကွက် ပိုသွက်လာ
ရန်ကုန်တိုင်းဒဂုံမြို့နယ်တွေမှာ ပေ ၄၀×၆၀ မြေကွက်ဈေးက ကျပ်သိန်း ၃၀၀၀ ပတ်ချာလည်ရှိနေချိန် တိုက်ခန်းနဲ့ ကွန်ဒိုအရောင်းအဝယ်တွေ ပိုဖြစ်လာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ကနေ သိရပါတယ်။
“တိုက်ခန်းနဲ့ ကွန်ဒိုတွေက ပိုပြီးအရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ သူက ဈေးတန်းက ကျပ်သိန်း ၁၀၀၀ ဝန်းကျင်မှာပဲ ရှိနေတယ်”လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့ကို နယ်ဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူ အရေအတွက်မြင့်တက်နေပြီး တိုက်ခန်းအငှားဈေးကွက်လည်း အရင်နှစ်တွေကထက် ပိုသွက်လာပါတယ်။
“ဝယ်နိုင်တဲ့သူက ဝယ်ပြီး နေကြတယ်။ မဝယ်နိုင်တဲ့သူကတော့ ငှားပြီး နေကြတယ်။ အဲဒီအတွက်ကြောင့် အငှားဈေးကွက်လည်း ကောင်းလာတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြီးစီးခဲ့တဲ့ သန်လျင်တံတားအမှတ်-၃ ပြီးစီးမှုကြောင့် သန်လျင်မြို့နယ်က အိမ်ခြံမြေဈေးတွေ နှစ်ဆခုန်တက်သွားကြောင်း ရေးသားဖော်ပြမှုတွေက ရာနှုန်းပြည့် မမှန်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ တာဝန်ရှိသူက အခုလို ရှင်းပြထားပါတယ်။
“ဈေးကွက်ထဲမှာ တွေ့နေရတာကတော့ အရောင်းသမားတွေရဲ့ ခေါ်ဈေးတွေ၊ အရောင်းအဝယ်မဖြစ်တဲ့ ဈေးတွေကို ကာလပေါက်ဈေးဆိုပြီးတော့ သတ်မှတ်ပြီး ကြော်ငြာနေတာ တွေ့ရတယ်။ အဲ့ဒါတွေကြောင့် အိမ်ခြံမြေဈေးကွက်က ဈေးအမြင့်တွေ ဖြစ်နေရတာပါ ”လို့ အကြံပြုထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးဘက်က လုပ်ငန်းရှင်တွေကတော့ ပြည်တွင်းမှာထက် ထိုင်းနိုင်ငံဘက်ထွက်ပြီး ရင်းနှီးမြုပ်နှံကြတာကြောင့် တရုတ်ပြီးရင် ဘန်ကောက်ရဲ့ ဝယ်လက်အကြီးဆုံး စျေးကွက်တောင် ဖြစ်လာခဲ့သေးတာဖြစ်ပါတယ်။
