ရန်ကုန်ရှိ စူပါမားကတ်တွေနဲ့ စျေးဝယ်စင်တာများမှာ ဆန်ကို ရောင်းကုန်အဖြစ်က ဖယ်ရှား
ရန်ကုန်ရှိ စူပါမားကတ်တွေနဲ့ နာမည်ကြီး စျေးဝယ်စင်တာများမှာ ဆန် ရောင်းချပေးမှု ရပ်တန့်ထားပြီး ဆန်များကိုလည်း မထားရှိတော့ဘူးလို့ သိရပါတယ်။
ဒဂုံစင်တာက စိန်ဂေဟာ အပြင် မြေနီကုန်း စီးတီးမတ်နဲ့တကွ အခြားသော စျေးဝယ်စင်တာကြီးတွေမှာ အဓိက မြန်မာ့စားသောက်ကုန်ဖြစ်တဲ့ ဆန်ကို ရောင်းချခြင်း မရှိတော့တာပါ။
ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ City Mart၊ One Stop Mart၊ Ocean စတဲ့ အရောင်းဆိုင်တွေက မန်နေဂျာတွေ စစ်ဆေးခံရမှု ရှိခဲ့သလို အရောင်းဆိုင်အသီးသီးရဲ့ ဂိုထောင်တွေမှာ သိုလှောင်ထားတဲ့ ဆန်နဲ့ဆီတွေ သိမ်းဆည်းခံရတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ဆန်စျေးနှုန်းမြင့်တက်နေတာကြောင့် ရွှေနဲ့ စားသုံးဆီသမားတွေကို ထိန်းချုပ်တဲ့နည်းအတိုင်း ဆန်စပါးလုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူစစ်ဆေးတာတွေလုပ်နေတာပဲဖြစ်ပါတယ်။
အဆိုပါ စစ်ဆေးခံရမှု ဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ က အရေးပေါ်အစည်းအဝေး ၂ ရက်ဆက်တိုက်လုပ်ခဲ့ပြီး ဆန်စျေးကျဖို့ အပူတပြင်းကြိုးစားနေပါတယ်။
ဒီစစ်ဆေးမှုတွေနောက်မှာတော့ လက်လီဈေးကွက်အတွင်း သင့်တင့်ရည်ညွှန်းစျေးနဲ့ ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်းအပါအဝင် ဧည့်မထဆန်တွေကို ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ကြေညာထားပါတယ်။
