ယူရိုပြိုင်ပွဲဝင် နေရတဲ့ ဂျာမနီမြေကနေ မိန်းမနဲ့ကလေးကြောင့် အင်္ဂလန်သို့ ရုတ်ချည်းပြန်ခဲ့တာ ဖြစ်တဲ့ ဖီးလ်ဖိုဒန်

အင်္ဂလန် ကွင်းလယ် တိုက်စစ်သမား ဖီးလ်ဖိုဒန်ဟာ ပြီးခဲ့တဲ့ စနေက ဂျာမနီရှိ အင်္ဂလန်လေ့ကျင့်ရေးစခန်းမှ ထွက်ခွာကာ ဗြိတိန်သို့ ရုတ်တရတ် ပြန်သွားခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ရှိ မန်စီးတီး ကွင်းလယ်တန်းကစားသမားဟာ မိသားစုအကြောင်းကြောင့် မဖြစ်မနေ အိမ်ပြန်ရခြင်း ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။

အကြောင်းရင်း မသိရတာကြောင့် ကနဦးမှာ အင်္ဂလန် ပရိသတ်တွေ သို့လော သို့လော ဖြစ်ခဲ့ကြပေမယ့် တကယ်တော့ ဖိုဒန်ဟာ သူ့ ဇနီးဖြစ်သူ တတိယကလေးမွေးဖွားမှာ ဖြစ်လို့ ချက်ချင်း ပြန်သွားခဲ့တာပါ။

ဒါပေမဲ့ ဖီးလ်ဖိုဒန်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် ကစားရမဲ့ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဖြစ်တဲ့ ဆလိုဗက်ကီးယားနှင့်ပွဲအမီ အင်္ဂလန်အသင်းနှင့် ပြန်လည်ပူးပေါင်းလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖိုဒန်နှင့် ချစ်သူ ရီဘက်ကာကော့ကီတို့က တတိယကလေးမွေးဖွားလာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၎င်းတို့တွင် အသက် ၅ နှစ်အရွယ် သားလေး ရွန်းနီ၊ အသက် ၂ နှစ်အရွယ် သမီးလေး ထရုတို့အား ပိုင်ဆိုင်ထားပါတယ်။

အင်္ဂလန်အတွက် ၃၇ ပွဲကစားထားတဲ့ ဖီးလ်ဖိုဒန်ဟာ အင်္ဂလန်ရဲ့ အုပ်စုပွဲ ၃ ပွဲလုံး ပွဲထွက်ကစားခဲ့သူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရှင်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။