စူပါမားကတ်တွေနဲ့ စျေးဝယ်စင်တာများမှာ ဆန်ကို ရည်ညွှန်းစျေးအတိုင်း ဝယ်ယူလို့ရပြီ
ဈေးရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ဇူလိုင် ၂၇ ရက်နေ့မှစတင်ကာ ပြန်လည်ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များနဲ့ ဧည့်မထဆန်များကိုသင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဆက်တိုက် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။
ပြည်တွင်းမှာ ဆန်စျေးနှုန်းမြင့်တက်နေတာကြောင့် ရွှေနဲ့ စားသုံးဆီသမားတွေကို ထိန်းချုပ်တဲ့နည်းအတိုင်း ဆန်စပါးလုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူစစ်ဆေးတာတွေလုပ်နေတာပဲဖြစ်ပါတယ်။
အဆိုပါ စစ်ဆေးခံရမှု ဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ က အရေးပေါ်အစည်းအဝေးတွေ ဆက်တိုက်လုပ်ခဲ့ပြီး ဆန်စျေးကျဖို့ အပူတပြင်းကြိုးစားနေပါတယ်။
