၁၀ ရက်အတွင်း မြို့ပေါင်း ၄၀ ကျော်မှာ ရေလွှမ်းနိုင်ကြောင်း မိုးဇလ သတိပေး
လာမယ့် ၁၀ ရက်အတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ် အပါအဝင် မြန်မာနိုင်ငံအနှံ့က မြစ်တွေရဲ့ မြစ်ရေမျက်နှာပြင်ဟာ မြို့ပေါင်း ၄၀ ကျော်မှာ လက်ရှိရေအမှတ်ထက် အနည်းဆုံး ၁ ပေ ကနေ ၁၀ ပေအထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောလာပါတယ်။
ဒီမြို့တွေထဲက မြို့ပေါင်း ၂၀ ကျော်မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတာကို မိုးဇလရဲ့ ဇူလိုင်လ ၁ ရက် ကြေညာချက်တွေအရ သိရပါတယ်။
လက်ရှိမှာ မြစ်ကြီးနားမြို့မှာ ရဲ့ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်နေတဲ့ ဧရာဝတီမြစ်ရေဟာလည်း နောက် ၁၀ ရက်အတွင်း ၆ ပေကနေ ၁၀ ပေထိ ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တွေမှာလည်း ဒီအတိုင်းဆက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့မြို့ရွာတချို့မှာတော့ ကယ်ဆယ်ရေးမလုံလောက်လို့ ပြည်သူထောင်ကျော် ပိတ်မိနေတယ်လို့ ဒေသတွင်း ကချင်သတင်းတွေကဆိုကြပါတယ်။
