ရေလွှမ်းမိုးနေတဲ့ မြစ်ကြီးနားမြို့ရဲ့ အခြေအနေ ဘယ်လိုတွေဖြစ်နေပြီလဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် မြင့်တက်လာပြီး တမြို့လုံးနီးပါး ရေနစ်မြုပ်မှုဖြစ်နေရာ ပြည်နယ် မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးအသင်း ၇ ဖွဲ့ နီးပါး ပါဝင်ကူညီနေသော်လည်း ပိတ်မိနေသည့် ပြည်သူများပြားသဖြင့် ကယ်ဆယ်ရေး မလုံလောက်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ရမ်ပူ၊ စီတာပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ မြို့သစ်ကြီး၊ ကချင်စု အပါအဝင် ရပ် ကွက်အများစု၌ ရေကြီးနေပြီး ပြည်သူထောင်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသလို ပြည်သူအချို့လည်း ရပ်ကွက်တွင်း ပိတ်မိနေသေးကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်မ အသိတွေတောင် ရေတအားတက်လာလို့ အိမ်အပေါ်ထပ်မှာပဲ နေနေကြရတယ်။ ထမင်းချက်စားဖို့တောင် ခက်ခက်ခဲခဲ ဖြစ်နေတယ်။ ကယ်ဆယ်ရေးတွေကို ဖုန်းခေါ်လည်း မရ ဖြစ်နေတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောသည်။

ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်များတွင် လမ်းပေါ်၌ ရေအမြင့် ၇ပေနီးပါးရှိနေသောကြောင့် စက်လှေများ လိုအပ်နေပြီး လူအင်အားလည်း မလုံ လောက်ကြောင်း၊ လက်ရှိတွင် ပြည်သူ ၁ ထောင်ကျော် ဘေးလွတ်ရာပို့ထားကြောင်း သိရသည်။

စက်သုံးဆီဆိုင်တွေကလည်း ပိတ်ကုန်ပြီဖြစ်လို့ စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲနေကြကြောင်း ဒေသခံတွေဆီက သိရသည်။

“စက်သုံးဆီတွေ ဝယ်ရခက်နေတာ။ ဆီဆိုင်တွေလည်း ရေတက်လာတော့ ပိတ်တဲ့ ဆိုင်တွေ ပိတ်ကုန်ပြီ။ ဆီဝယ်ရခက်နေတာ။ စက်သုံးဆီ ဝယ်မရလို့ ကယ်ဆယ်ရေးလုပ်နေသူတွေ အခက်အခဲ ဖြစ်နေကြတယ်။” လို့ စီတာပူ မှာ ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တယောက်က ပြောသည်။

ဧရာဝတီ မြစ်ဘေး တလျှောက်နဲ့ မြစ်ကြီးနား မြေနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမှာ ရေတွေ ဝင်ကုန်ပြီ လို့ သူက ပြောပါသည်။

“ကျွန်မ အသိတွေတောင် ရေတအားတက်လာလို့ အိမ်အပေါ်ထပ်မှာပဲ နေနေကြရတယ်။ ထမင်းချက်စားဖို့တောင် ခက်ခက်ခဲခဲ ဖြစ်နေတယ်။ ကယ်ဆယ်ရေးတွေကို ဖုန်းခေါ်လည်း မရ ဖြစ်နေတာ။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောသည်။

ရေတွေက ရင်ခေါင်းနားထိ မြုပ်နေပြီး ကယ်ဆယ်ရေးတွေကို ဆက်သွယ်ရခက် နေတာကြောင့် အခက်ကြုံနေရသည်။ လျှပ်စစ်မီး ပြတ်တောက်သွားတာ နှစ်ရက်ခန့် ကြာပြီဖြစ်တာကြောင့် တချို့ ဒေသခံတွေလည်း ဖုန်းအားတွေ ကုန်သွားကြလို့ ဆက်သွယ်ဖို့ ခက်ခဲနေကြခြင်းဖြစ်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။