ဧရာဝတီမြစ်ရေ ဆက်တိုက်ကျနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေဘေး ကြိုပြင်ထားဖို့လို

ဧရာဝတီမြစ်ရေတက်လို့ ရေကြီးခဲ့တဲ့ ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ အဲဒီမြစ်ရေဟာ တစ်နာရီအတွင်း လေးလက်မဝန်းကျင်အထိ တဖြည်းဖြည်းကျဆင်းနေလို့ မြစ်အောက်ပိုင်းဒေသတွေအနေနဲ့ ရေဘေးကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးရေးသားထားပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တို့က ဧရာဝတီမြစ်ရေကို ဒီနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တိုင်းထွာချက်အရ မနက် ၆ နာရီခွဲမှာ ၁၃၄၈ စင်တီမီတာကနေ ၇ နာရီခွဲမှာ ၁၃၃၅ အထိကျဆင်းနေတာကြောင့် တစ်နာရီတွင်း ၄ လက်မဝန်းကျင်ကျသွားတာဖြစ်တယ်လို့ ကချင်ပြည် မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“အထက်ကမြစ်ရေက တအိအိနဲ့ အောက်ကိုဆင်းလာမှာပါပဲ။ လိုသလိုကြိုတင်ပြင်ဆင်ထားကြရ ပါမယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်းရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးရေးသားသတိပေးထားပါတယ်။

ကချင်ပြည်(မြောက်ပိုင်း)မှာ သုံးရက်အတွင်း ရွာတဲ့ မိုးရေဟာ ခန့်မှန်း ၂ ဒသမ ၅ ပေခန့်ရှိတာကြောင့် တစ်လစာ ပျမ်းမျှမိုးရေချိန် ပမာဏနဲ့တူညီနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းက မြစ်ရေတွေဟာ အနိမ့်ပိုင်းအောက်ဘက်သို့ အရှိန်နဲ့ စီးဆင်းမှာဖြစ်တဲ့အတွက် ဧရာဝတီမြစ်ရိုးရဲ့ ဒုတိယမြစ်ကျဉ်း ဒေသတွေမှာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဦးဝင်းနိုင်က ကြိုတင်အသိပေးရေးသားထားပါတယ်။

“အထက်ဘက်ကမြစ်ရေက မိုးအားလျော့သွားချိန် ပြန်ကျမှာပါ။ အဲဒီကျသွားတဲ့ ရေကလည်း မြစ်အောက်ပိုင်းဒေသတွေကို ဆင်းလာမှာပါပဲ။ လက်ရှိအချိန်မှာ စိုးရိမ်စိတ်လွန်ကဲမနေကြဖို့နဲ့ သတင်းတွေတွေ့ရင် ချင့်ယုံကြဖို့၊ စဉ်းစားတွေးခေါ်ကြဖို့ပဲ လိုပါတယ်” ဆိုပြီး ဦးဝင်းနိုင်က သတိပေး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။