ပိုက်ဆံ ဆိုရင် ကျွန်တော့်မှာ လုံလောက်တာထက် ပိုရှိပါတယ် ဆိုပြီး ဆော်ဒီသတင်းတွေကို ဒီဘရိုင်းနား တုန့်ပြန်
မန်ချက်စတာစီးတီးအသင်း ရဲ့ ကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားကတော့ ဒီနွေရာသီမှာ စီးတီးကနေ ထွက်ခွာပြီး ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့မယ့်သတင်းတွေကို အဖြေပေးခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းနားဟာ ဂွါဒီယိုလာရဲ့ ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလား စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပထမပိုင်းကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပြန် ကစားပေးနိုင်ခဲ့တဲ့အချိန်ကတည်းက နောက်ထပ်တစ်ကြိမ် အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနွေရာသီမှာ ဒီဘရိုင်းနားအနေနဲ့ ဆော်ဒီပရိုလိဂ်က ကြီးမားတဲ့ကမ်းလှမ်းမှုရလာရင် မန်စီးတီးကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တာပါ။

“စီးတီးမှာဆက်နေသွားမလားဆိုရင် နေသွားမှာပါ။ နေမှာပါ။ ကျွန်တော် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းခေါင်းစဉ်တွေ အများကြီး ဖတ်ခဲ့ရပေမယ့် ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောခဲ့ပါဘူး။
ကောင်းမွန်တဲ့ ကမ်းလှမ်းမှု ရှိလာရင်တော့ ခင်ဗျား ပပ်ကို ထွက်ချင်တယ်လို့ ပြောပြီး ထွက်ခွင့်ရရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါက တခြားအသင်းတွေမှာတော့ ကွဲပြားခြားနားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းကို စွန့်ခွာချင်တယ်လို့ ဘယ်တုန်းကမှ အရိပ်အယောင် မပြခဲ့ဖူးပါဘူး။
ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံက လုံလောက်တာထက် ပိုနေပါပြီ။ ဒါပေမယ့် ရူးလောက်စရာ ပမာဏ ရောက်လာရင်တော့ ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်ဆွေမျိုးတွေအတွက်၊ ကျွန်တော့် သားသမီးမြေးမြစ်တွေနဲ့ သူငယ်ချင်းတွေအတွက် စဉ်းစားသွားမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
