ရန်ကုန်မှာ တိုက်ခန်းငှားရမ်းခတွေ ဆက်တိုက် မြင့်တက်လာရတဲ့ အကြောင်းရင်း

ရန်ကုန်မြို့ကို နယ်ဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူ အရေအတွက်မြင့်တက်လာချိန် တိုက်ခန်းငှားခတွေလည်း ဆက်တိုက်မြင့်တက်နေတယ်လို့ အိမ်ခြံမြေစျေးကွက်ကနေ သိရပါတယ်။

ရန်ကုန်မြို့တိုက်ခန်းအငှား စျေးနူန်းမှာ ၃ နှစ်တာကာလအတွင်း နှစ်ဆနီးပါးမြင့်တက်သွားခဲ့ပြီး အခန်းလွတ်ရဖို့ မလွယ်တဲ့အခြေအနေဖြစ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“တခါမှမကြားဖူးတဲ့ ၆ လွှာအပေါ်ဆုံးထပ်တောင် တလ ကျပ် ၂ သိန်းအထိ စျေးခေါ်တာတွေ ပါရှိလာတယ်။ အခန်းရရင်ပြီးရောဆိုပြီး ငှားတဲ့သူကလည်းရှိနေတယ်။” လို့ သူကပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေကနေ ရန်ကုန်မြို့ကို တိမ်းရှောင်လာသူတွေ များပြားနေသလို နိုင်ငံခြားထွက်ဖို့ ပြင်ဆင်တဲ့ လူငယ်တွေကလည်း များလာတာက တိုက်ခန်းအငှားစျေးကွက်ကို ရိုက်ခတ်လာစေတယ်လို့ တိုက်ခန်းဝယ်/ ငှားအကျိုးဆောင်လုပ်နေသူ တချို့က ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့က တိုက်ခန်းအငှားစျေးအနေနဲ့ မြေညီကို နေရာနဲ့ လမ်းအပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်းခွဲကနေ ၅ သိန်းနီးပါးရှိပြီး ကျန်အခန်းတွေအနေနဲ့ အထပ်အမြင့်ပေါ်မူ တည်ပြီး အနည်းဆုံးကျပ် တသိန်းခွဲအထက်ရှိနေတယ်လို့ အိမ်ငှားစျေးကွက်က နေသိရပါတယ်။

ရန်ကုန်မှာ ကွန်ဒိုအခန်းတွေကတော့ စျေးတန်း အမျိုးမျိုးရှိနေပြီး နာမည်ကြီး ကွန်ဒိုတွေရဲ့ တစ်လ ငှားရမ်းခက ကျပ် ၁၅-၃၀ သိန်း ဝန်းကျင်တွေကနေ အဲ့ထက် ပိုများတယ်လို့ သိရပါတယ်။