မြန်မာနိုင်ငံအထက်ပိုင်း မြို့ ၇ မြို့ မြစ်ရေတက်နိုင်ကြောင်း မိုးဇလ သတိပေးချက်
ကချင်ပြည်နယ်ထဲက မိုးကောင်း၊ ဗန်းမော် နဲ့ ရွှေကူ ၊ စစ်ကိုင်းတိုင်း ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့မြို့နယ်တွေမှာ မြစ်ရေတွေ ထပ်တက်နိုင်တာကြောင့် မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ နန့်ယင်းချောင်း၊ နန့်ကောင်းချောင်းရေတွေဟာ စိုးရိမ်ရေအမှတ်အထက်ကို တက်နေတာအပြင် နောက်ထပ်လည်း ရေတက်နိုင်တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ လက်ရှိမှာ ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်အမှတ်ထက် ၄ ပေ ရောက်ရှိနေပြီး ရွှေကူမြို့နယ်မှာလည်း စိုးရိမ်ရေမှတ်ထက် ၃ ပေခန့်၊ ကသာမြို့နယ်မှာလည်း စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် တက်နေပါတယ်။
ဗန်းမော်မြို့နယ်မှာတော့ နောက်တစ်ရက်အတွင်း ပေဝက်လောက် ကျဆင်းလာနိုင်ပေမဲ့ ကျန်မြို့နယ်တွေမှာ နောက်တစ်ရက်အတွင်းမှာလည်း နောက်ထပ် ၁ ပေလောက်အထိ ဆက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေကလည်း ခန္တီးမြို့နယ်ရဲ့ စိုးရိမ်ရေမှတ်အထက် ၆ ပေ ကျော်နေပြီး နောက်တစ်ရက်အတွင်း ကျဆင်းနိုင်ပေမဲ့ စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေနိုင်ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာတော့ စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲ၊ ဖောင်းပြင်မြို့နယ်မှာ ၃ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းမှာလည်း ထပ်ပြီး မြင့်တက်မယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မိုးကောင်းမြို့နယ်ထဲက နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေတွေကလည်း စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်တက်နိုင်တယ်လို့ မိုးဇလက သတိပေးထားတာပါ။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ဇူလိုင် ၆ ၊ ၇ ၊ ၈ သုံးရက် မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မိုးများနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
လက်ရှိမြစ်ရေကြီးနေတဲ့ ဧရာဝတီနဲ့ချင်းတွင်းမြစ်ဖျားက ရေတွေက မြစ်အောက်ပိုင်းကို ဆင်းလာတဲ့အချိန်နဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံပိုအားကောင်းချိန်နဲ့ တိုက်ဆိုင်ပြီး မြစ်ရေဆက်တက်နိုင်တယ်လို့လည်း သူက သတိပေးထားပါတယ်။
