ဗဟိုဘဏ်က ဒေါ်လာ ၅ သန်းထုတ်ရောင်းပေးသော်လည်း ပြင်ပဒေါ်လာစျေး မြင့်တက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေအတွက် ဇူလိုင်လ (၂) ရက်နေ့မှာ အမေရိကန်ဒေါ်လာ (၅) သန်းကို ရောင်းချပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အွန်လိုင်းထရိတ်ဒင်းပလက်ဖောင်းကနေ အမေရိကန်ဒေါ်လာ ၅ သန်း၊ ထိုင်းဘတ် သန်း ၄၀ ရောင်းချပေးခဲ့သလို မေလတုန်းကလည်း ဒေါ်လာ ၁၀ သန်း၊ ဘတ်ငွေသန်း ၃၀ နဲ့ ယွမ်ငွေ ၂၂.၅ သန်း ရောင်းချခဲ့ပါသေးတယ်။
ဗဟိုဘဏ်အနေဖြင့် အွန်လိုင်းထရိတ်ဒင်းပလက်ဖောင်းမှ တဆင့် ဖေဖော်ဝါရီ (၂) ရက်မှစတင်ကာ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးနေခြင်းဖြစ်ပါတယ်။
ငါးလအတွင်း (၁၅) ကြိမ်ရောင်းချပေးထားပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၄၁ သန်း၊ တရုတ်ယွမ် ၃၁ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၂၃၆ သန်း ရောင်းချထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရပါတယ်။
ဗဟိုဘဏ်က အခြားနည်းလမ်းများဖြင့် နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိအချိန်အထိ စုစုပေါင်း ဒေါ်လာ ၂၀၈ သန်းကျော်၊ ထိုင်းဘတ် ၁၅၄၉ သန်းကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။
ယနေ့ နိုင်ငံခြားငွေကြေးပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၄၆၁၀ ကျပ်၊ တစ်ယွမ် ၆၃၇ ကျပ်နှင့် တစ်ဘတ် ၁၂၆ ကျပ် ဖြစ်ကြောင်း သိရပါတယ်။
