အရှေ့တောင်အာရှ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ လာအိုကို မြန်မာလုပ်သား ထွက်ခွာမှု မြင့်တက်

မြန်မာနိုင်ငံ ပြင်ပလုပ်သား စေလွှတ်မှုတွေဟာ အာရှရဲ့ စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေတင် မဟုတ်တော့ဘဲ အိမ်နီးချင်းနိုင်ငံ လာအိုကို တရားဝင်လုပ်သားစေလွှတ်တဲ့ အရေအတွက်ပါ တိုးမြင့်လာတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အရင်နှစ်တွေမှာတုန်းက လာအိုနိုင်ငံကို မြန်မာကနေ လုပ်သားစေလွှတ်မှု နည်းပါးခဲ့ပေမယ့် ဒီနှစ်ပိုင်းထဲမှာတော့ အေဂျင်စီတွေရဲ့ တရားဝင်စေလွှတ်မှု များလာတာပါ။

“လစာလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းတော့ အရင်က သိပ်စိတ်မဝင်စားကြဘူး။ အခုက ပြည်ပထွက်ချင်သူများနေတော့ ဈေးကွက်တစ်ခုလို ဖြစ်လာတာ”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက Migrant Times ကို ပြောပါတယ်။

ထိုင်းမှာ တရားမဝင် လုပ်သား ဖမ်းဆီးမှုတွေရှိနေသလို မလေးရှားနိုင်ငံက နိုင်ငံခြားသားလုပ်သားခေါ်ယူမှု ရပ်ဆိုင်းလိုက်ပြီးနောက် ပြည်ပကို တရားဝင် ထွက်ခွာချင်သူတွေအတွက် လာအိုနိုင်ငံက ရွေးချယ်စရာတစ်ခုဖြစ်လာတယ်လို့ အလုပ်သမားအသိုင်းအဝိုင်းက ဆိုပါတယ်။

လာအိုနိုင်ငံက ဆောက်လုပ်ရေး၊ ဂိမ်းဆိုင်၊ စားသောက်ဆိုင်တွေအတွက် လုပ်သားခေါ်ယူနေတာရှိပြီး အခြေခံလစာအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀ (ကျပ် ၁၀ သိန်းနီးပါး) ရရှိတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းထဲမှာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာကနေ အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတစ်ခုကို လာအိုနိုင်ငံထံ လုပ်သား ၁၂၀ ကျော် စေလွှတ်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ စီးပွားရေး ဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံဖြစ်သလို မြန်မာနိုင်ငံထက် တစ်ဦးချင်း ဝင်ငွေ ပိုနည်းပါးပေမယ့် ပြည်တွင်းလုပ်သားတွေဟာ ပြင်ပထွက်ခွာနိုင်ရေး ထည့်သွင်း စဉ်းစားလာနေကြတာ ဖြစ်ပါတယ်။