ရန်ကုန် မြို့ထဲမြို့နယ် နေထိုင်သူတွေ မြို့စွန်တွေထံ ပြောင်းရွှေ့ အခြေချမှုများလာ

ရန်ကုန်မြို့ Downtown မြို့နယ်အများအတွင်း နေထိုင်သူများမှာ ရန်ကုန်ရဲ့ မြို့စွန်များ ဘက်သို့ ပြောင်းရွှေ့နေထိုင်မှု များလာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မြို့တွင်းမြို့နယ်တွေက နေရာတွေကို ရောင်းချရာမှာ ရတဲ့ ငွေများအနက်မှ ရင်းနှီးစားသောက်ရန်ငွေအချို့ဖယ်၍ စျေးသက်သာတဲ့ မြို့နယ်တွေက ၂၀×၆၀ အကွက်တွေကို ဝယ်ယူပြောင်းရွှေ့လာကြသည်။

“ အခုအလုပ်ဖြစ်နေတာက ၂၀×၆၀ အကွက်လေးတွေလည်း များတာပေါ့၊ အိမ်ပါလည်း အိမ်ကအတော်အတန်သင့် နေထိုင်လို့ရတဲ့ဟာမျိုးလေးတွေပေါ့၊ ”ဟု အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။

မြို့တွင်းမှ ပြောင်းရွှေ့သူတွေဟာ စျေးသက်သာတဲ့ နေရာမျိုး လောက်ကိုသာ အဓိကထား၍ ဝယ်ယူနေထိုင်ကြခြင်းဖြစ်ပြီး အတူနေသည့် မိသားစုဝင်အချို့မှာမူ အလုပ် ဆင်းရသည့် ကုမ္ပဏီလုပ်ငန်းများအနီးတည်ရှိရာ ရန်ကုန်မြို့တွင်းမှ အဆောင်များတွင်နေထိုင်ကြကြောင်း သိရသည်။

“ ရန်ကုန်မြို့ ထဲကိုဆို ဘတ်စ်ကားနဲ့လာရင် နှစ်နာရီလောက်ကြာအောင်လာရတယ်၊ ဒါပေမယ့် အနီးအနားက မြို့ပေါ်ကို ဆိုရင်တော့ ၁၀ မိနစ်နဲ့ ၁၅ မိနစ်လောက်ပဲ သွားရတော့ အဆင်ပြေတယ်လေ။

ဒီဘက်က ရောင်းရတာလေးနဲ့ ဟိုဘက်မှာပြန်ဝယ်တော့ ပိုက်ဆံလည်း နည်းနည်းပိုထွက်လာတယ်၊ အဲ့ဒီပိုထွက်လာတဲ့ပိုက်ဆံလေးနဲ့ တစ်ခုခု လုပ်ကိုင်စားဖို့ အရင်းအနှီးလုပ်လို့ရတယ်လေ”ဟုလည်း မြို့လယ်ရပ်ကွက်တစ်ခုမှ မြို့ စွန်ဘက် ပြောင်းရွှေ့သွား သူတစ်ဦးက ပြောပြသည်။

ရန်ကုန်မြို့တွင် ဒီနှစ်တွေအတွင်း နယ်ဘက်မှ ရွှေ့ပြောင်းအခြေချသူတွေ များလာခြင်းကြောင့် အပါအဝင် တိုက်ခန်း ဝယ်လိုအားနဲ့ ငှားရမ်းအားတွေ များပြား အလုပ်ဖြစ်တယ်လို့လည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။