ထိုင်းဟင်းချက်နည်းနဲ့ ထိုင်းလက်ဝှေ့ သင်ချင်တဲ့ ခရီးသွားတွေအတွက် ဗီဇာသစ် တမျိုး ထိုင်းအစိုးရ မိတ်ဆက်

ထိုင်းမှာ တနင်္လာနေ့ကစပြီး ဗီဇာမလိုဘဲ ပြည်တွင်းဝင်ခွင့်ကို နိုင်ငံ ၃၀ ကျော်ကို တိုးပေးတော့မှာ ဖြစ်လို့ စုစုပေါင်း ၉၃ နိုင်ငံ ရှိသွားပါပြီ။

ဒီနိုင်ငံသားတွေ ရက် ၆ဝ ထိ ဗီဇာမလိုဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အဓိက လုပ်ငန်းတခု ဖြစ်တဲ့ ခရီးသွား လုပ်ငန်းကို မြှင့်တင်တာဖြစ်ကာ အိမ်နီးနားချင်း မြန်မာနိုင်ငံတော့ မပါလာခဲ့ပါဘူး။

နောက် ဘယ်နေရာကမဆို အလုပ်လုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် အလုပ်ရွှေ့ပြောင်းလုပ်ကိုင်သူတွေ၊ အလွတ်တန်း လုပ်ကိုင်သူတွေနဲ့ ထိုင်းဟင်းချက်နည်းနဲ့ ထိုင်းလက်ဝှေ့ သင်ချင်တဲ့ ခရီးသွားတွေ အတွက်လည်း ဗီဇာသစ် တမျိုးကို ထိုင်းအစိုးရက မိတ်ဆက်ပေးနေပါတယ်။

သူတို့ကတော့ ခြောက်လထိ ဒီဗီဇာနဲ့ နေနိုင်ကြပြီး ငါးနှစ်ထိ သက်တမ်းရှိပါတယ်။

ထိုင်းမှာ မဟာဘွဲ့နဲ့ အထက် ဘွဲ့လွန်သင်ဖို့ ဗီဇာ ရထားတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းပြီးရင် ချက်ချင်း ပြန်ခိုင်းမယ့်အစား ကျောင်းပြီးပြီးနောက် တနှစ်ကြာတဲ့အထိ အလုပ်ရှာဖို့၊ ခရီးသွားဖို့ ဆက်နေခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလို ဗီဇာစည်းကမ်းတွေ လျှော့ပေးလိုက်တာဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပြည်တွင်းစီးပွားရေး နှေးကွေးပြီး ကြွေးမြီ ထူထပ်လာတဲ့ စိန်ခေါ်မှုကြီးတွေကို တုံ့ပြန်ဖို့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တာလို့ ခေဆော့ဒ် သတင်းစာ အင်္ဂလိပ်ပိုင်းမှာ ပါရှိပါတယ်။

ထိုင်းအစိုးရက ဒီနှစ် ပြည်ပ ခရီးသွား ၃၆.၇ သန်းဆီက ဒေါ်လာ ၆၃.၆ ဘီလျံ ရအောင် ဆွဲဆောင်ဖို့ ရည်မှန်းထားပါတယ်။