ဂွာဒီယိုလာကို အင်္ဂလန် နည်းပြ ခန့်ဖို့ အချိန်ပေးပြီးတောင် စောင့်ဆိုင်းတော့မယ့် အင်္ဂလန် အက်ဖ်အေရဲ့ မာစတာ ပလန်
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပြီဖြစ်တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာ စီးတီးအသင်း နည်းပြ ပက်ပ် ဂွာဒီယိုလာကို ခန့်အပ်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ဟာ အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ပေးခဲ့ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ နည်းပြရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ သတင်းတွေကနေ ဖော်ပြချက်များအရ အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်နေရာအတွက် အက်ဒီဟောင်း ၊ ဂရေဟမ် ပေါ်တာ ၊ ပိုချက်တီနို ၊ လီကာစလေတို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြနေတယ်။
အင်္ဂလန်အသင်း အဓိက အလိုရှိတာကတော့ လီဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ်နဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာတို့ဖြစ်ပါတယ်။
ကလော့ပ်ကို အမေရိကန်အသင်းကလည်း ချိတ်ဆက်ပေမယ့် ငြင်းဆန်ခံထားရတာပါ။
ကလော့ပ်က နည်းပြဘဝက တစ်နှစ်နားမှာဖြစ်သလို ဂွာဒီယိုလာကလည်း မန်စီးတီးအသင်းနဲ့လည်း စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာပါ။
အင်္ဂလန်အနေနဲ့ ဒီနည်းပြနှစ်ယောက်အပေါ် မျှော်လင့်ထားတာကြောင့် လက်တလောမှာ ယာယီနည်းပြဖြင့်ပဲ ရှေ့ဆက်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
