လူသုံးများဆေးဝါးတွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေဖြင့် ရောင်းချပေးမယ်လို့ အသိပေး
နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ဆေးဝါးအတွက် သွင်းကုန်လိုင်စင်ထုတ်ပေးမှု ယာယီကန့်သတ်ထားခြင်းကို ပြန်လည်ဖြေလျှော့ပေးထားကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြောလာပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်ကစပြီး ပြည်ပကနေ ဆေးဝါးတင်သွင်းမှုနဲ့ ပတ်သက်လို့ လိုင်စင်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး အကျိုးဆက်အနေနဲ့ ဈေးကွက်အတွင်းမှာ ဆေးဝါးပြတ်လက်မှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ယခုအခါ ၂၀၂၄ ခုနှစ် မတ်လမှစတင်ပြီး သွင်းကုန်လိုင်စင်တွေ ပြန်လည်ခွင့်ပြုလိုက်တာကြောင့် ဈေးကွက်အတွင်း လိုအပ်ချက်ရှိတဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ပြန်လည်တင်သွင်းနေပြီလို့ MCCPMD တာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေ သုံးစွဲမှုများတဲ့ ဆေးဝါးတွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေဖြင့် တိုက်ရိုက်ရောင်းချမှု ပြုလုပ်ဖို့ပါ ညွှန်ကြားခဲ့ပါတယ်။
ယနေ့(ဇူလိုင်၁၇) ရက်မှစတင်ကာ ဆေးကုမ္ပဏီများက ဆေးဝါးများကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြည်သူများကို တိုက်ရိုက်ရောင်းချပေးနေပြီး လူနာများဝယ်ရခက်သည့်ဆေးများကိုလည်း ဆေးမှတ်တမ်းဖြင့်လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိမှာ ကုမ္ပဏီပေါင်း ၄၀ ကျော်က ပြသရောင်းချနေပြီး နောက်ပိုင်းမှာ ကုမ္ပဏီပေါင်း ၁၀၀ ကျော်အထိ တိုးချဲ့ရောင်းချပေးမှာဖြစ်ကာ ရေရှည်ရောင်းချနိုင်ဖို့ ကုမ္ပဏီတွေကို အုပ်စုနှစ်ခုခွဲပြီး တစ်ပတ်ကို အုပ်စုတစ်ခုနဲ့ အလှည့်ကျ ရောင်းချပေးသွားဖို့ ရှိပါတယ်။
ဆေးဝါးတိုက်ရိုက်ရောင်းချပေးမှုအတွင်း ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေး စတဲ့ အခြေခံဆေးဝါးတွေ၊ ဈေးကွက်အတွင်း ဝယ်ယူဖို့ အခက်အခဲရှိတဲ့ ဆေးဝါးတွေအပြင် သွေးချိုနှင့် ဆီးချိုရောဂါတိုင်းတဲ့ စက်တွေနဲ့ အပိုပစ္စည်းတွေကိုပါ ရောင်းချပေးလျက်ရှိပါတယ်။
