ဒီဘရိုင်း အပြောင်းအရွှေ့ သတင်းအတွက် နည်းပြ ဂွာဒီယိုလာ ထုတ်ပြောလာပါပြီ
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒီနွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ရှိသွားမှာဖြစ်တယ်လို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။
အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဘရိုင်းဟာ နောက်ပိုင်းနှစ်တွေအတွင်း ဒဏ်ရာရရှိမှုတွေ ကြံခိုင်မှု မပြည့်ဝမှုတွေနဲ့ ရုန်းကန်ခဲ့ရသလို သူနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြား စာချုပ်သက်တမ်းဟာလည်း ၂၀၂၅ခုနှစ် ဇွန်လမှာပဲ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။
ဒီလို အခြေအနေမှာ ဒီဘရိုင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဒီဘရိုင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် သူ့ဘက်ကနေ သဘောတူညီလိုက်တယ်ဆိုတဲ့ သတင်းကြီးပါ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒီဘရိုင်း ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက ငြင်းဆန်သွားခဲ့ပြီး ဒီဘရိုင်းက အသင်းမှာသာ ဆက်ရှိသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ (၉)ရာသီအတွင်း ဂိုးဖန်တီးမှုပေါင်း (၁၁၂)ကြိမ်အထိ လုပ်ဆောင်ပေးထားကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။
