ဘဏ်ချေးငွေတွေ ရပ်ဆိုင်းကုန်တာကြောင့် အထိအခိုက်ကြီးလာတဲ့ အိမ်ခြံမြေဈေးကွက်
						
						ဘဏ်တွေ အရေးယူမယ့်ကိစ္စကြောင့် ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ချေးငွေ (Home Loan) တွေ ရပ်ဆိုင်းကုန်တဲ့အတွက် အိမ်ခြံမြေဈေးကွက် ထိခိုက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
“လတ်တလော အခြေအနေတွေအရ ဘဏ်ချိတ်တွေ မရတော့တဲ့ အနေအထားတွေ ဖြစ်လာတယ်။ မြို့ကြီးတွေမှာက နယ်မြို့တွေထက် ဘဏ်ချိတ်နဲ့ ဝယ်တာ ပိုများလေ့ရှိတာဆိုတော့ ခုနောက်ပိုင်း အရောင်းအဝယ်တွေ ခက်လာတယ်။ အဆင်မပြေတော့ဘူး” လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ် ခုနစ်ခုရဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဘဏ်နဲ့ ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းသွားခဲ့တာပါ။
အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန် ကိုယ်ပိုင်ငွေနဲ့ အပြည့်အဝ ဝယ်ယူနိုင်ဖို့ ခက်ခဲနေတာဖြစ်ပြီး ဘဏ်စနစ်နဲ့သာ ချိတ်ဆက် ဝယ်ယူလိုသူ များပြားနေတဲ့အခြေအနေမှာ အခုလို ဘဏ်ချေးငွေရရှိဖို့ ခက်ခဲသွားတာဟာ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ရန်ကုန်မှာ တိုက်ခန်းနဲ့ ကွန်ဒို ဈေးတွေကတော့ အရင် ကျပ် သိန်း ၁၀၀၀ ဝန်းကျင်တွေဟာ ယခုအခါ သိန်း ၃၀၀၀ ဝန်းကျင်အထိ ရှိနေပြီး ရန်ကုန်မြို့ထဲရှိ တိုက်ခန်းနဲ့ ကွန်ဒို အငှားဈေးနှုန်းတွေကတော့ အရင် ကျပ် ငါးသိန်းမှ အခု ကျပ် ၁၀ အထိ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ အိမ်ခြံမြေ အရောင်းအဝယ် အခြေအနေကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်သာရှိနေပြီး များသောအားဖြင့် တိုက်ခန်းနဲ့ ကွန်ဒိုအသေးတွေ အရောင်းအဝယ် ဖြစ်နေကာ ဈေးအမြင့်တင်ထားတဲ့ အိမ်ခြံမြေတွေကတော့ အဝယ်မလိုက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
