မန္တလေးမှာ အိမ်ငှားခများ နှစ်ဆလောက် မြင့်တက်နေ
						
						မန္တလေးတိုင်းဒေသကြီးအတွင်းသို့ စစ်ဘေးရှောင်လာသူဦးရေ များပြားလာတာကြောင့် အိမ်ငှားခဈေးတွေကလည်း ယခင်ထက် ဈေးနှစ်ဆမြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တိုက်ပွဲများ ပြင်းထန်နေတဲ့အတွက် ဒေသခံများက မန္တလေးနှင့် တောင်ကြီးဘက်ခြမ်း နေရာများကို စစ်ဘေးရှောင်မှုများရှိလာတယ်လို့ သိရပါတယ်။
ဒီလိုစစ်ဘေးရှောင်များ များပြားလာတာနဲ့အမျှ မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်ပိုဖြစ်နေပြီး ငှားရမ်းခဈေးနှုန်းတွေကလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
” အိမ်ငှားခတွေက အရင်ထက် နှစ်ဆလောက် မြင့်တက်လာတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ တိုက်ခန်းတွေငှားတယ့်သူတွေလည်း များလာတယ်။ တချို့ဆို ဈေးတွေကိုမြှင့်လိုက်တာ။ ငှားသူများလို့ ဈေးကတတ်လာတာ”ဟု မန္တလေးရှိ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အလားတူ တိုက်ပွဲရှောင်သူများပြားလာခြင်းကြောင့် ရန်ကုန်တွင်လည်း တိုက်ခန်းငှားခများ ဆက်တိုက် မြင့်တက်လာပြီး တခြားဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးသို့ ရွှေ့ပြောင်းလာသူ များပြားလာပြီး အဝယ်ထက် အငှားဈေးကွက်ပိုဖြစ်နေတယ်လို့ သိရပါတယ်။
