ရန်ကုန်၊ မန္တလေးတို့မှာ စက်သုံးဆီ ဝယ်ယူရခက်ခဲနေပြီး စျေးလည်း မြင့်တက်နေ
						
						ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ စက်သုံးဆီအမျိုးအစားတချို့ ပြတ်လပ်နေတာကြောင့် ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပါတယ်။
မနေ့ညနေပိုင်းကစတဲ့ ဆီပြတ်လပ်မှုပြဿနာဟာ ဒီကနေ့ညနေပိုင်းအထိဖြစ်နေပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ၉၅ ဓာတ်ဆီအမျိုးအစား ဝယ်မရတာလို့ ယာဉ်မောင်းတချို့ကပြောပါတယ်။
ဒါအပြင် ၉၂ ဓာတ်ဆီအမျိုးအစားကိုလည်း လိုသလောက်ဝယ်ယူမရတော့ဘဲ ဆီရဖို့ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းဝယ်ယူနေရတယ်လို့ ဓာတ်ဆီစောင့်ဆိုင်းဝယ်ယူခဲ့တဲ့သူတွေထံက သိရပါတယ်။
လက်ရှိမှာ မြို့နယ်အလိုက် ဓာတ်ဆီ ဝယ်ယူရခက်ပြီး ဓာတ်ဆီ တလီတာစျေးကလည်း ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရှိကြောင်း၊ စက်သုံးဆီဆိုင်တွေက ဆိုင်ကယ်ကို အများဆုံးမှ ၅၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးနေပြီး ကာတစီးကိုတော့ ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ်ဖိုးသာ ရောင်းပေးနေပါတယ်။
မန္တလေးမြို့မှာလည်း စက်သုံးဆီဆိုင်တချို့ ဆီခွဲတမ်းအပြည့်မရသလို တချို့ဆိုင်ကြီးတွေလည်း ပိတ်ထားတာကြောင့် ဆီဝယ်ဖို့ခက်ခဲနေပြီး ကားတစ်စီးကို ကျပ် ၅ သောင်းဖိုးဝန်းကျင်ပဲ ရောင်းချပေးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
