ရာဂီလို နောက်ထပ် မုန်တိုင်းတစ်လုံး အစပျိုးနေပြီး ရေကြီးနေတဲ့ ဒေသများ အထူးဂရုစိုက်ရန်လို

ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ ရေကြီးသည့်ဒဏ် ခံစားနေရချိန်မှာပဲ နောက်ထပ် တိုင်ဖွန်းမုန်တိုင်း တစ်ခု အစပျိုးနေကြောင်း သတိပေးချက် ထွက်ပေါ်နေပါတယ်။

ဖိလစ်ပိုင်မိုးလေဝသဋ္ဌာန မှ ထုတ်ပြန်ကြေညာချက်အရ –

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး စက်တင်ဘာ ၁၇ ရက် နံနက်တွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာနိုင်ပါမယ်။ လေဖိအားနည်းရပ်ဝန်းကို ဖိလစ်ပိုင်အမည် GENER ဟု အမည်ပေးထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ တိုင်ဖွန်းမုန်တိုင်းအဖြစ် ကူးပြောင်းခဲ့မယ်ဆိုရင် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို စက်တင်ဘာ ၁၉ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်နိုင်ချေရှိကြောင်း ခန့်မှန်းထားပါတယ်။

ဦးဝင်းနိုင် အပါအဝင် မိုးလေဝသပညာရှင်တွေကတော့ လာမယ့် ၆ ရက်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အဆိုပါ လေဖိအားနည်းရပ်ဝန်းကို လေ့လာစောင့်ကြည့်နေပြီး မုန်တိုင်းဖြစ်ပေါ်မှာလား ပျောက်ကွယ်သွားမလားအား အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးနေမယ်လို့ ဆိုပါတယ်။

မုန်းတိုင်းဖြစ်ပေါ်လို့ ခန့်မှန်းလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံဖက်ကို ရောက်ရှိခဲ့ရင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် တို့မှာ နေရာအနှံအပြား မိုးရွာသွန်းပြီး နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

သတိပြုကြရန်မှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်လာနိုင်ပြီး မိုးသည်းထန်နိုင်တဲ့ ဒေသတွေကတော့ ပြီးခဲ့တဲ့ ရက်တွေက မိုးကြီးခဲ့တဲ့ ဒေသတွေနဲ့ ရေဘေးဒဏ်သင့် ဒေသတွေပဲ
ဖြစ်ပါတယ်။