လျှပ်စစ်မီး ပိုပျက်လာတဲ့ မြန်မာနိုင်ငံကနေ အကျိုးအမြတ် ရှာဖွေမယ့် တရုတ်ကုမ္ပဏီများ

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းများနှင့် လျှပ်စစ်မီတာခများ မြင့်တက်လာခဲ့ခြင်းကြောင့် ဆိုလာစွမ်းအင် ရွေးချယ်အသုံးပြုမှု ပိုများလာမယ်လို့ တရုတ်ဆိုလာကုမ္ပဏီတွေဘက်က မျှော်လင့်နေပါတယ်။

နိုင်ငံအနှံ့ လျှပ်စစ်မီးပြတ်တောက်မှု ပိုမို ဆိုးရွားလာခြင်းနဲ့အတူ ဒီနှစ်တွေအတွင်း ဆိုလာထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများ မြန်မာပြည် ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာနေပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်မီးရရှိမှု မတည်ငြိမ်မှုနှင့် လျှပ်စစ်မီတာခများ တိုးမြင့်ခြင်းတွေကြောင့် အရန်လျှပ်စစ် အစားထိုးဖို့ ရှာဖွေရာမှာ ဆိုလာဟာ ဆွဲဆောင်မှု ရှိတဲ့ ရွေးချယ်စရာ ဖြစ်လာနေတာပါ။

ဆိုလာတပ်ဆင်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ရာမှာ နေအိမ်၊ စီးပွားရေးနှင့် စက်ရုံများအတွက် မြန်မာနိုင်ငံ မြို့ပြနှင့် ကျေးလက်ဒေသ နှစ်ခုစလုံး ပိုမိုတွင်ကျယ်စွာ ရွေးချယ်အသုံးပြုနေလာနေပါတယ်။

မြန်မာနိုင်ငံ ဆိုလာစျေးကွက်ကို တရုတ်ကုမ္ပဏီများက အများဆုံး ဦးဆောင် ထားပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၄ ခုနှစ်အတွင်း ဆိုလာတပ်ဆင်မှုတွေဟာ ၇ ဆနီးနီး မြင့်တက်လာနေကာ ဆက်လက် တိုးတက်လာနိုင်ကြောင်း ဆင်ဟွာသတင်းမှာ ပါရှိပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခနူန်းထားတွေ တိုးမြှင့် ကောက်ခံသွားမှာဖြစ်ကာ ဒီလထဲမှာ နှုန်းထားအသစ်ဖြင့် ပေးဆောင်ရမယ့် မီတာခတွေ ထွက်ရှိလာဖို့ ရှိနေပါတယ်။