ရွှေစျေး၊ ဒေါ်လာစျေးကျဆင်းခြင်းက ပြည်တွင်းကားစျေးနှုန်းအပေါ် သက်ရောက်မှု ရှိစေလား သုံးသပ်ချက်
 
						
						ဒီလအတွင်း ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းမှု တွေရှိလာပေမယ့် ကားဈေးနှုန်းကတော့ သိသိသာသာ ကျဆင်းလာခြင်း မရှိပါဘူး။
ကားစျေးကွက်မှာ အရောင်းအဝယ် အေးဆေးနေပေမယ့် ဈေးနှုန်းအားဖြင့် အမြင့်တန်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
ရွှေဈေးနဲ့ ဒေါ်လာဈေးဟာ ပြည်တွင်းကားဈေးကွက်ကို အများကြီး သက်ရောက်မှုမရှိဖြစ်နေပြီး ကားတင်သွင်းခွင့်မူဝါဒတွေကြောင့် ကားဈေးတွေက အမြင့်တန်းမှာပဲ ဆက်ရှိနေခြင်းဖြစ်ကာ ကားသွင်းခွင့်တွေ ပြန်ပြီးခွင့်ပြုမှ ပြည်တွင်းကားဈေး ကျလာနိုင်တယ်လို့ ဝါရင့် ကားဝယ်ရောင်းသမားတွေက ဆိုပါတယ်။
ပြည်တွင်ကားဈေးနှုန်း ကျဆင်းလာဖို့ဆိုပါက ကားမူဝါဒဆိုင်ရာ အပြောင်းအလဲနဲ့ ပြည်ပက Use ကားခေါ် ဂျပန်တပတ်ရစ်ကားများကို ပြည်တွင်းသို့ ပြန်လည်တင်သွင်းခွင့်ရရှိမှသာ ပြည်တွင်းကားဈေးက တမျိုးတဖုံပြောင်းလဲလာနိုင်မယ်လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။
ဒါ့အပြင် SKD ကားတွေ ပြည်တွင်းမှာ ခပ်စိတ်စိတ်လေး ပြန်ထုတ်လာနိုင်ရင်တော့ ကားဈေးကျလာနိုင်မယ်လို့လည်း ကားဈေးကွက် လေ့လာသုံးသပ်သူတွေက သုံးသပ်ပါတယ်။
လက်ရှိတွင် ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ ယခင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၆၀၀၀ ရှိရာကနေ ဒီတလော ကျပ် ၄၆ဝဝ ဝန်းကျင်အထိကျဆင်းလာခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းကလည်း ကျပ် ၆၃ သိန်းပတ်လည်ထိ ပြန်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
