၄ လအတွင်း အင်တာနက် အသုံးပြုခ ဆက်တိုက် တက်လာနေပြီး အကန့်အသတ်မရှိ ဒေတာ အသုံးပြုခွင့် ရောင်းချမှုများ ရပ်တန့်

မိုဘိုင်းဖုန်း အော်ပရေတာများသည် အင်တာနက် အသုံးပြုခများကို တိုးမြှင့်ကောက်ခံလာသလို ယခင်က ဝယ်ယူနိုင်တဲ့ အကန့်အသတ်မရှိ Data Package ကို ရောင်းချမှု ရပ်နားထားပြီလို့ ပြည်တွင်းဆင်းကတ် အသုံးပြုသူတွေထံကနေ သိရပါတယ်။

လက်ရှိမှာ ကျပ်ငွေ ၁ ထောင်ကို ဒေတာ 300mb ပဲ ရရှိတော့တာကြောင့် အင်တာနက် 1mb လျှင် ၃ ဒဿမ ၃ကျပ်ကျော်ထိ မြင့်တက်လာခြင်းဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်း မိုဘိုင်းအင်တာနက် အသုံးပြုခတွေ ဆက်တိုက် တက်လာနေရာမှာ ပြီးခဲ့သည့် ဇူလိုင်လက ငွေတစ်ထောင်ကျပ် အတွက် ဒေတာ 400mb ကျော် ရရှိခဲ့သော်လည်း အောက်တိုဘာလတွင် 400mb အောက်ကို လျော့ကျလာခဲ့ပါတယ်။

နိုဝင်ဘာလတွင် ငွေတစ်ထောင်ကျပ်အတွက် 333mb ဝန်းကျင်ရရှိရာမှ ယခု ဒီဇင်ဘာလတွင် အမြင့်ဆုံး 300mb သာ ရရှိတော့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလမှစတင်ကာ မိုဘိုင်းဖုန်း အော်ပရေတာများက လစဥ်နှင့် နေ့စဥ်သုံး အကန့်အသတ်မရှိ Data Package အသုံးပြုခွင့်ကို ရောင်းချမှုရပ်နားလိုက်ကြောင်း သိရပါတယ်။

“ဟုတ်ပါတယ်။ ဆင်းကဒ်ကို လိုက်ပြီးတော့ ပရိုမိုးရှင်း ရနှုန်းတွေတော့ ကွဲသွားနိုင်ပါတယ်။ Unlimited Package တွေကတော့ မရောင်းတော့ပါဘူး” ဟု အမည်မဖော်လိုသူ အော်ရီဒူး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထိုသို့ စျေးတက်လာရာတွင် မိုဘိုင်းဖုန်း အော်ပရေတာများဟာ အမြင်လှသော်လည်း အသုံးမဝင်သည့် ပြန်အမ်းငွေများကို ထည့်သွင်းပေးခြင်းများဖြင့် အသုံးပြုသူများကို နှစ်သိမ့်မှုတွေ လုပ်လာနေတယ်လို့လည်း သိရပါတယ်။