အရောင်းထက် အငှားပိုသွက်နေလို့ ရန်ကုန်မှာ အိမ်ခြံမြေစျေးကွက် အပြောင်းအလဲဖြစ်လာနေ

ရန်ကုန်မှာ မြောက်ဒဂုံ အပါအဝင် နာမည်ကြီး မြို့နယ်တွေက တန်ဖိုးကြီး အိမ်ခြံမြေတွေ အဝယ်ရှားပြီး ရောင်းမထွက်ခြင်းကြောင့် စျေးကွက် အပြောင်းအလဲဖြစ်လာနေတယ်လို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်သမားတွေထံက သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းရှိ အရောင်းထက် အငှားစျေးကွက်က ပိုမို အလုပ်ဖြစ်နေတာပါ။ ပြောင်းလဲဖြစ်ပေါ်နေတဲ့ စျေးကွက် အခြေအနေအရ ကျပ်သိန်း ၅၀၀၀ အောက် တန်ကြေးကြီး အိမ်ခြံမြေတွေကလည်း အရောင်းအပြင် အငှားတွေကိုလည်း လက်ခံလာနေတာဖြစ်ပါတယ်။

အိမ်ခြံမြေ ဝယ်ယူရာမှာ ဂရန် တစ်ခုကို အမည်ပေါက် ပြန်ပြောင်းဖို့အတွက် ရောင်းသူက အခွန် 10%၊ အမည်ပေါက် လျှောက်မယ့်သူက 7% ဆိုပြီး အခွန်တွေ ထပ်တိုးလာခြင်းကြောင့်အပြင် ဒေါ်လာစျေးကျဆင်းပြီး အိမ်ခြံမြေစျေး မကျခြင်းတွေကြောင့်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အဝယ်တွေ မရှိသလောက်ထိ ရှားပါးလာနေပါတယ်။

အချို့ အိမ်ခြံမြေတွေဟာ စျေးတန်း အနည်းငယ်ချပြီး အရောင်းစျေးကွက်ထဲ ပြန်ဝင်လာတာမျိုး ရှိနေပေမယ့် စာရွက်စာတမ်း စုံလင်ပြီး နေရာကောင်း အိမ်ခြံမြေတွေကတော့ လက်ရှိချိန်ထိ စျေးမာနေဆဲ အခြေအနေဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်တိုက်ခန်းတွေဟာ ငှားခများ အဆမတန် မြင့်တက်လာပြီး စပ်တူစုပေါင်း ငှားရမ်းနေထိုင်ခြင်းများ တွင်ကျယ်လာတယ်လို့ အိမ်ငှားနေထိုင်သူများထံမှ သိရပါတယ်။

ယခင်က ယောကျ်ားလေးသီးသန့်၊ မိန်းကလေးသီးသန့် စု၍ အခန်းငှားရမ်းခြင်းမျိုးသာမက အိမ်ထောင်သည် မိသားစုချင်း အခန်းစပ်ငှားခြင်းမျိုးပါ ရှိလာနေတာဖြစ်ပါတယ်။