ကောလဟာလတွေနဲ့အတူ အရောင်းအဝယ် ကျဆင်းလာတဲ့ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် ကုန်စိမ်းဆိုင်များ

ရန်ကုန်မြို့တွင် ဆန်အပါအဝင် အခြားသော အခြေခံစားသောက်ကုန်များရောင်းချသည့် ကုန်စုံဆိုင်များနှင့် ကုန်စိမ်းဆိုင်များ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ကုန်စျေးနှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခဲ့ရာ တနိုင်တပိုင် စျေးရောင်းချသူများ ပိုမိုများပြားလာခြင်းကြောင့် ဈေးကွက်ဝေစုမျှခြေဖြစ်လာကာ လက်လီဆိုင်များမှာ အရောင်းအဝယ် ကျဆင်းလာနေသည်။

ယခုရက်ပိုင်းအတွင်း ဝက်သားတစ်ပိဿာ ၃၅,၀၀၀ မှ ၃၀,၀၀၀ ကျပ်စျေးသို့ ကျဆင်းလာသလို စျေးကွက်အတွင်း အာလူးစျေးနှင့် ကြက်သွန်စျေးများ အနည်းငယ်ကျဆင်းလာသော်လည်း လက်လီစျေးကွက်မှာ ဝယ်ယူစားသုံးသူနည်းပါးလာနေသည်။

ရန်ကုန်မြို့အတွင်း ဝမ်းရောဂါဖြစ်ပွားနေကြောင်း အသံတွေထွက်နေကာ စားသောက်ဆိုင်တွေရဲ့ သန့်ရှင်းမှုနည်းပါးခြင်းကြောင့် အပြင်စာ စားသုံးမှုများ လျော့ကျလာနေသည်။ ဒါကြောင့်ပဲ ကုန်စိမ်းအချို့ စျေးပြန်လည်ကျဆင်းပေမယ့် စျေးကွက်အတွင်း ဝယ်လိုအားနည်းလာနေသည်။

တန်ဆောင်တိုင်ကာလအပြီး ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပတဲ့ ပွဲစျေးတွေမှာ စျေးဆိုင်ခင်သူတွေ များပြားသလို ပွဲကို လာရောက်လည်ပတ်သူ များပြားလှပေမယ့် အစားအသောက်တွေ စျေးကြီးမြင့်ပြီး သန့်ရှင်းမှု အားနည်းကြောင်း မှတ်ချက်တွေ ရနေသည်။

ဒီရက်တွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့်အပြင် လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ပေါ်တာဆွဲခံရကြောင်း အသံထွက်ရာက ညပိုင်းမရာက်ခင်မှာတင် လူအသွားအလာ ကျဆင်းမှုတွေရှိနေကာ ညပိုင်း ရောင်းချတဲ့ စားသောက်ဆိုင်တွေ ရောင်းအားကျဆင်းလာနေသည်။