ရန်ကုန်မြို့မှာ နွေမဝင်ခင်တင် ၁ ရက် ၁၂ နာရီ မီးဖြတ်မည်

ရန်ကုန်မြို့မှာ လျှပ်စစ်မီးဖြတ်ချိန်ကို ထပ်တိုးသွားမယ်လို့ မြို့နယ်လျှပ်စစ်ရုံးတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စတင် အသိပေးထားပါတယ်။

ဓာတ်အားစနစ် လိုအပ်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ Group A နဲ့ Group B သတ်မှတ်ထားတဲ့ ဓာတ်အားပေးစနစ်တွင် ယခင်တစ်နေ့ ၈ နာရီ တရားဝင်မီးပျက်ချိန်ကို ယခုအခါ နောက်ထပ် ၄ နာရီထပ်တိုးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်သည်။

မြို့နယ်အလိုက် အုပ်စု ၂ စုခွဲပြီး မနက် ၉ နာရီကနေ ည ၉နာရီအထိ လျှပ်စစ်မီး ၄ နာရီပေး၊ ၄ နာရီဖြတ်နဲ့ ပေးတဲ့အစီအစဥ်ကနေ ဒီဇင်ဘာ ၁၉ ရက်ကစလို့ ည ၉ နာရီကနေ မနက် ၁ နာရီအထိပါ အလှည့်ကျ မီးထပ်ဖြတ်မယ်လို့ အသိပေးလာတာဖြစ်ပါတယ်။

မူလအလှည့်ကျ မီးပေးချိန်တုန်းကလည်း မီးလာရမယ့် ၄ နာရီမှာ ဓာတ်အားထိန်းညှိလို့ဆိုပြီး မီးပျက်တာတွေ ရှိခဲ့သလို အခုဆို ညပိုင်းအိပ်ချိန်ပါ မီးဖြတ်ခံရမယ့်အခြေအနေ ရှိလာတာလည်းဖြစ်ပါတယ်။

လူနေရပ်ကွက်တွေကို လျှပ်စစ်မီးဖြတ်မယ့်အချိန် ထပ်တိုးသလို စက်မူဇုန်တွေကိုလည်း တရက်ခြား ၄ နာရီပဲ မီးပေးတော့မယ်ဆိုပြီးလည်း လျှပ်စစ်ဌာနက အသိပေးထားပါတယ်။

စက်ရုံတွေအနေနဲ့ လျှပ်စစ်မီးပိုဖြတ်ခံရမှာဖြစ်လို့ ကုန်ကျစရိတ်တွေ ပိုလာမှာဖြစ်မယ့်အတွက် လည်ပတ်ဖို့ အခက်အခဲရှိလာနိုင်တယ်လို့ စက်မှုဇုံအသိုင်းအဝိုင်းကနေ သိရပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားတိုးပေးရင် မီတာခကို ပိုပေးဆောင်မယ်လို့ ၂၀၂၃ အတွင်းက လျှပ်စစ်ဌာနကို ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲ့တုန်းကတော့ ရပ်ကွက်တွေကို မီးပေးနိုင်ရေးကိုပဲ ဦးစားပေးတာမို့ ငြင်းဆန်ခံခဲ့ရတာပါ။

ဒါပေမဲ့ လျှပ်စစ်ဌာနဘက်က လျှပ်စစ်မီးတိုးမပေးနိုင်တဲ့အပြင် ဒီနှစ်လယ်ပိုင်းကစပြီး အိမ်သုံးမီတာခတွေကော စက်မှုဇုန်မီတာခတွေကိုပါ တိုးမြင့် တိုးကောက်လာခဲ့ပါတယ်။