မြန်မာနိုင်ငံဟာ အာရှမှာ တတိယအဆင်းရဲဆုံးနိုင်ငံဖြစ်လာ မကြာခင် နံပါတ် ၁ နေရာ ရောက်ဖို့ရှိ

မြန်မာဟာ အာဖဂန်နစ္စတန်နဲ့ နီပေါပြီးရင် အာရှရဲ့ တတိယအဆင်းရဲဆုံးနိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့လူဦးရေတိုးပွားမှု၊ တိုးတက်မှုအချက်အလက်တွေ ထုတ်ပြန်ပေးနေတဲ့ World Population Review အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးတာ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ စတဲ့အကြောင်းရင်းတွေကြောင့် အာရှရဲ့ တတိယ အဆင်းရဲဆုံးနိုင်ငံဖြစ်လာတာလို့ ဆိုပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကလည်း မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှု တွေနဲ့ လျှပ်စစ်မီးလို အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်တွေတိုးလာလို့ ကောင်းကောင်း လည်ပတ် နိုင်ခြင်းမရှိတော့ဘူးလို့ စီးပွားရေးသမားတွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း စီးပွားရေးပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာကြတာတွေရှိလာလို့ လာမယ့်နှစ်တွေမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်လာကြပါတယ်။