လျှပ်စစ်မီး အခက်အခဲကြောင့် EV ကား ပြန်ရောင်းချမှုတွေ ရှိလာနေ

ရန်ကုန်မှာ လျှပ်စစ်မီးပုံမှန်မရပဲ အားသွင်းဖို့ အခက်ခဲတွေရှိလာတာကြောင့် EV ကားပိုင်ရှင်အချို့ဟာ EV ကားတွေကို ပြန်လည်ရောင်းချနေကြတယ်လို့ ရန်ကုန်မြို့ ဝါရင့်ကားပွဲစားတွေထံက သိရပါတယ်။

မနှစ်ကစလို့ ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ဆိုးရွားလာခြင်းကြောင့် EV Station တွေမှာပါ ပုံမှန် မီးပေးနိုင်ခြင်း မရှိတာတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါ့အပြင် လျှပ်စစ်မီး မီတာခတိုးမြှင့်ကောက်ခံတာနဲ့ အားသွင်းခတိုးမြှင့်ခြင်းတွေကလည်း EV ပိုင်ရှင်တွေကို စရိတ်စက တိုးလာစေပါတယ်။

နောက်ထပ်လည်း မီးမလာချိန်မှာ အားသွင်းဖို့ မီးစက်ဝယ်ယူရတာ၊ ဓာတ်ဆီဝယ်ယူရတာတွေလို အပိုကုန်ကျစရိတ်တွေရှိလာခြင်းက EV ကားပိုင်ရှင်တွေကို ကားပြန်ရောင်းထုတ်ဖို့ စဉ်းစားစရာတွေ ဖြစ်လာစေပါတယ်။

မီတာခတက်ခြင်းနဲ့အတူ EV Taxi တွေ အငှားချထားတဲ့ ကုမ္ပဏီတွေဘက်ကလည်း အုံနာကြေး တိုးကောက်တာကြောင့် လက်ရှိမှာ ၁ ရက်ကို ကျပါ ၇၀၀၀၀ ပေးလာရပြီး EV တက္ကဆီယာဉ်မောင်းတွေအတွက်လည်း အခက်အခဲ ဖြစ်လာပါတယ်။

ဝယ်လက်ဟောင်းတွေထံက စိတ်ပျက်မှုတွေရှိနေပေမယ့် ရန်ကုန် Showroom တွေမှာ EV တင်သွင်းမှုတွေက အမျိုးအစား ပိုစုံလင်လာသလို SKD နဲထုတ်လုပ်မယ့် EV ကားတွေလည်း ထပ်မံ မြင်တွေ့လာရဖို့ ရှိနေပါတယ်။

ရန်ကုန်မှာ EV ကားအပေါ် စိတ်ဝင်စားမှုတွေဟာလည်း မြင့်မြင့်မားမား ရှိနေဆဲဖြစ်ကာ ဒီလထဲမှာ EV Myanmar 2025 ပြပွဲကြီးကို YCC ဝင်းအတွင်း ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။