ဒီရာသီ မန်စီးတီးအသင်း တိုးတက်လာတဲ့ နည်းစနစ်ပိုင်း အားသာချက်ကို ဂွာဒီယိုလာ ပြောပြလာ

ဒီရာသီမှာ မန်စီးတီးဟာ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်မှုအဖြစ် တည်ကန်ဘော အပိုင်းမှာ တိုးတက်လာတာထက် ပိုပျော်စရာ ကောင်းတာ မရှိနိုင်တော့ဘူးလို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီး ယှဉ်ပြိုင်ထားတဲ့ နောက်ဆုံး ၂ ပွဲမှာ လာပေါ်တေးနဲ့ ဂျွန်စတုန်းတို့ နှစ်ဦးဟာ တည်ကန်ဘောတွေကနေ တိုက်ရိုက် ဂိုးသွင်းယူခဲ့ကြပါတယ်။ ဒီအပိုင်းမှာ အသင်းရဲ့ ထိရောက်မှုတွေ တိုးတက်လာနိုင်အောင် နောက်ကွယ်ကနေ ကူညီပေးခဲ့ကြတဲ့ ဝန်ထမ်းတွေကို စီးတီးနည်းပြက ချီးကျူးခဲ့တာပါ။

ဒီရာသီမှာ အငြိမ်ဘော ကန်ရတဲ့ အခြေအနေတွေကနေ စီးတီးတို့ ပိုတိုးတက်လာတယ် ထင်လားလို့ မေးမြန်းခဲ့ရာ ပက်က “ဟုတ်ပါတယ်။ အများကြီး တိုးတက်လာတယ်။ ဒီရာသီက တည်ကန်ဘောတွေ ဖရီးကစ်တွေ အပိုင်းမှာ အကောင်းဆုံးရာသီပဲ။ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးပေါ့။

အသင်းမှာ ကားလို့နှစ်ယောက် (ကားလို့စ် ဗီဆင်းစ်နဲ့ ကားလို့စ် ပလန်ချတ်) တို့က ဒီအပိုင်းမှာ မယုံနိုင်စရာ ကောင်းကောင်း လုပ်ပေးခဲ့ကြတာပါ။ သူတို့တွေက အရမ်း တည်ငြိမ်ပြီး ရှင်းလင်းပြတ်သားတယ်။ ဒါပေမယ့် ကျွန်တောာ်တို့ရဲ့ တည်ကန်ဘော ကန်တဲ့သူတွေနဲ့ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ခံစားနေရတုန်းပါပဲ။

ဖိုဒန်၊ မာရက်ဇ်၊ ဒီဘရိုင်း၊ ဂန်ဒိုဂမ်တို့ပေါ့။ ကျွန်တော်တို့မှာ ဘောလုံးကို မှန်ကန်တဲ့ နေရာဆီပို့ဖို့အတွက် နည်းနည်း တိုးတက်အောင် လုပ်ရဦးမယ်။ အဲ့ဒီ့အပိုင်းမှာ ကျွန်တော်တို့တွေ အန္တရာယ်ပေးနိုင်တယ်ဆိုတာ ယုံကြည်ပါတယ်။ ရိုဒရီနဲ့ ဖာနန်ဒင်ညိုတို့က အဲ့ဒီ့အပိုင်းမှာ အားကောင်းကြပါတယ် ” လို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

ကစားသမားတွေကို ကွင်းထဲမှာ ကောင်းကောင်းလုပ်နိုင်စေဖို့ တည်ကန်ဘောတွေအတွက် လေ့ကျင့်ရေးမှာ အချိန်ပိုလုပ်ခိုင်းခဲ့တာလားလို့ နည်းပြကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါကတော့ ကစားသမားတွေကြား နားလည်မှု ပိုကောင်းလာပြီး အသင်းအစည်းအဝေးတွေမှာ အကြံဉာဏ်တွေ ဖလှယ်ကြတဲ့ အကျိုးပါလို့ ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။

“ ကျွန်တော်တို့ တချက်ကြည့်ကြည့်ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ လုပ်ပါတယ်။ မှန်ကန်တဲ့ အခိုက်အတန့်တွေမှာ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မလုပ်ဖို့ပေါ့။ ကားလို့စ် (ဗီဆင်း) က သိပ်ကောင်းတဲ့ ဆက်သွယ်ပြောဆိုသူပါ။ တည်ကန်ဘောတွေနဲ့ ပတ်သက်တဲ့ အသင်း အစည်းအဝေးတွေက ရိုးရှင်းပါတယ်။

သူက စိတ်ဓာတ်လှုံ့ဆော်မှု ပေးတယ်။ ဉာဏ်ကောင်းတယ်။ ကစားသမားတွေက ဒါကို နားလည်သဘောပေါက်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ကားလို့စ် လုပ်ခဲ့တဲ့ အလုပ်အတွက် ပိုပြီးတော့ ဝမ်းသာမိပါတယ်” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။